
ဦးတည်ချက်နှင့် ရည်ရွယ်ချက်
- အလုပ်သမားများအကြား အပြန်အလှန်နားလည်မှု၊ ယိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်လာစေရန်။
- အလုပ်သမားများ၏ စည်းလုံးမှုအားဖြင့် မိမိတို့၏ ရသင့်ရထိုက်သောအခွင့်အရေးကို ကာကွယ်ရန်၊ တောင်းဆိုရန်။
- သာရေး၊ နာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအခက်အခဲပြဿနာများကို ၀ိုင်းဝန်းအဖြေရှာကူညီ ဆောင်ရွက်ရန်။
- အလုပ်သမားများ၏အခွင့်အရေးအတွက် ဥပဒေရေးရာ အကြံပေးဆွေးနွေးတိုင်ပင်ပေးရန်။
- အထွေထွေဗဟုသုတ ပညာရေးနှင့် နိုင်ငံရေးအသိအမြင်များ ကျယ်ပြန့်လာစေရန်။
- မြန်မာပြည် ဒီမိုကရေစီရရှိရေးကို ပံ့ပိုးကူညီရန်။
- နိုင်ငံတကာလှုပ်ရှားမှုများနှင့် ဆက်စပ်ဆောင်ရွက်ရန်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အား စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ အလုပ်သမားများ၏ သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲများကို ကူညီပေးခြင်းနှင့် အလုပ်သမားများ၏ နစ်နာဆုံးရှုံးသော အခွင့်အရေးများအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။
မဲဆောက်ဒေသတွင် ဥပဒေရေးရာအရ ရောင်ခြည်ဦးအဖွဲ့သည် မက်(ပ်) အဖွဲ့၊ တိုင်းရှေ့နေများ ကောင်စီတို့နှင့် ပူးပေါင်းမှု၍ အလုပ်သမားများရပိုင်ခွင့်များအတွက်ဆောင်ရွက်သည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် မြန်မာ၊ လာအို၊ ကမ္ဘေ္ဘာဒီယားရွှေ့ပြောင်းအလုပ်သမားများ အတွက် ကူညီဆောင်ရွက်ပေးနေသော အစိုးရမဟုတ်သော အဖွဲ့အစည်း ထိုင်း(NGOs)၁၃ဖွဲ့ ပါဝင်သော Action Network for Migrants (ANM) ဟုခေါ်သော အဖွဲ့တွင်ပါဝင်သော အဖွဲ့ဝင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထို (ANM) အဖွဲ့တွင်ရှေ့နေများကောင်စီ(နိုင်ငံမဲ့များ၊ ဒုက္ခ္ခသည်များ၊ ရွှေ့ပြောင်း နေထိုင် သူများ) အဖွဲ့ခွဲ၊ ရတ်ထိုင်းဖောင်ဒေးရှင်း၊ မက်(ပ်)ဖောင်ဒေးရှင်း၊ တီအေစီဒီဘီ။ Empowerment ၊Friends of Women စသော ထိုင်းအဖွဲ့များပါဝင်သည်၊ ထို့အပြင် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့သည် အာရှ(၁၃)နိုင်ငံရှိ အလုပ်သမားရေးရာ အဖွဲ့အစည်းများပါဝင်သော (Asian Transnational Corporation Monitroing Network- ATNC) တွင်လည်း အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည်။
ရောင်ခြည်ဦးအဖွဲ့၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများမှာ
- ထိုင်းနိုင်ငံ ရှေ့နေများ မက်(ပ်)ဖောင်ဒေးရှင်းတို့နှင့် ပူးတွဲ၍ ထိုင်းနိုင်ငံရှိ အလုပ်သမားများ အတွက် လုပ်ခလစာ၊ နစ်နာကြေး၊ လျော်ကြေးငွေများရရှိရန် ထိုင်းနိုင်ငံအလုပ်သမား အခွင့်အရေး ကာကွယ်ရေး လူမှုဖူလုံရေးရုံးနှင့်အလုပ်သမားတရားရုံးတို့တွင် လိုက်ပါဆောင် ရွက်ပေးနေသည်။
- မဲဆောက်ရှိ ရောင်ခြည်ဦးအဖွဲ့ရုံးတွင် စက်ရုံအသီးသီးမှ ပြဿနာဖြစ်ပွားနေသော အလုပ်သမား များကို ဥပဒေရေးရာနှင့် အခြားလိုအပ်သော အကြံဥာဏ်များကို နေ့စဉ် ဆွေးနွေး တိုင်ပင်ပေးသည်။
- တယ်လီဖုန်းမှတစ်ဆင့် ထိုင်းနိုင်ငံဒေသအသီးသီးရှိ အလုပ်သမားများမှ မေးမြန်းလာသော ဥပဒေရေးရာ၊ အလုပ်သမားရေးရာများ၊ သတင်းအချက်အလက်များကို နေ့စဉ်ဖြေကြားပေးနေသည်။
- အခက်အခဲတွေ့ပြီး ဒုက္ခရောက်နေသော အလုပ်သမားများအတွက် ယာယီခိုလှုံရာအိမ်တစ်လုံး (Safe house)ဖွင့်လှစ်၍ နေထိုင်စားသောက်ရေး အကူညီပေးနေသည်။
- ရောင်ခြည်ဦး နယ်လှည့်ဆေးအဖွဲ့တဖွဲ့ ဖွဲ့စည်းထားပြီး မဲဆောက် ရှိအလုပ်သမားများအကြားတွင် အခမဲ့ ဆေးကုသပေးသည်။
- မြန်မာရွှေ့ပြောင်း အလုပ်သမား သားသမီးငယ်များအတွက် နေ့ကလေးထိန်းကျောင်း (၂) ခု ဖွင့်လှစ်ပေးထားသည်။
- အလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေးသင်တန်း၊ ထိုင်းဥပဒေရေးရာသင်တန်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးသည်။
- အလုပ်သမားများအတွက် သာရေး (ဘောလုံးပွဲ၊ ဂီတပွဲ၊ ယဉ်ကျေးမှုအခမ်းအနားများ)၊ နာရေး ဈာပန ကိစ္စ္စများကို ကူညီဆောင်ရွက်ပေးနေသည်။
- မြန်မာအသံလွှင့်ဌာနများဖြစ်သော ဗွီအိုအေ၊ အာရ်အက်အေ၊ ဘီဘီစီ၊ ဒီဗွီဘီ တို့တွင် မြန်မာ့ အလုပ်သမားရေးရာနှင့် ပတ်သက်၍ အခါအားလျော်စွာ အင်တာဗျူးလုပ်ခြင်း၊ အင်တာနက်မှ မြန်မာ့ အလုပ်သမားအခြေအနေကို ရေးသားဖြန့်ဝေခြင်းများကို ပြုလုပ်သည်။
- ထိုင်းနိုင်ငံဒေသအသီးသီးရှိ အလုပ်သမားအဖွဲ့အစည်းများ၊ ထိုင်းအဖွဲ့အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများ၊ အစည်းဝေးပွဲများတွင် ပါဝင်တက်ရောက် ဆက်စပ်ဆောင်ရွက် နေသည်။
- ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ်ကို လစဉ် ထုတ်ဝေသည်။
ရောင်ခြည်ဦးအဖွဲ့၏ လုပ်ဆောင်ချက်အချို့
၂၀၀၂ ခုနှစ် မေလတွင် ဘန့်စောင်ကွင်း (CKI) စက်ရုံမှ မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦးအား နယ်ခြားစောင့်တပ်ရဲမှ မုဒိမ်းကျင့်ကြံမှုကို အမှုဖွင့် လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ အမျိုးသမီးမှာ ညှိုနိုင်းရန်ဆုံးဖြတ်သဖြင့် နစ်နာကြေးငွေ ဘတ်ငါးသောင်းရရှိခဲ့သည်။ ကျူးလွန်သူ ရဲမှာ လူအများရှေ့မှောက်တွင် တောင်းပန်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ဘန့်စောင်ကွင်း (CKI) စက်ရုံမှ မြန်မာအမျိုးသမီးအလုပ်သမားသုံးဦး ဟွေးယားဦး ရဲဂိတ်တွင် အဖမ်းခံရပြီး၎င်းရဲ၏ဆွေမျိုးအိမ်တွင် တစ်နှစ်ခန့် လုပ်ခမရဘဲ အိမ်ဖော်အဖြစ် မိဘများနှင့် အဆက်အသွယ်ပြတ်၍ ဒုက္ခ္ခရောက်နေသည်ကို ထွက်ပြေးလွတ်မြောက် အောင် ကူညီခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ပွဲစားမှ ဘန်ကောက်သို့ အိမ်ဖော်အလုပ်လုပ်ရန် ခေါ်ဆောင်သွားသော သထုံ မြို့နယ်မှ မြန်မာ အမျိုးသမီးငယ်နှစ်ဦးသည် နှစ် နှစ်ကြာပျောက်ဆုံးနေခဲ့သော အစ်မကို ပြန်လည်ရှာဖွေ ခေါ်ထုတ် ပေးနိုင်ခဲ့ပြီး မိဘများထံ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် မဲဆောက်မြို့ ဘန့်စောင်ကွင်းရပ်ကွက်တွင် အလုပ်သမားများအတွက် ဆေးခန်းငယ် တစ်ခုကို စတင်ဖွင့်လှစ်၍ သုံးနှစ်ကြာ ဆရာဝန်တစ်ဦး ဆေးမှူးနှစ်ဦးဖြင့် အခမဲ့ဆေးကုသမှုကို ပေးစွမ်းနိုင်ခဲ့သည်။
၂၀၀၂ ခုနှစ်မှစတင်၍ ယနေ့တိုင်အောင် အခက်အခဲများနှင့် ဒုက္ခ္ခတွေ့နေသော အလုပ်သမားများ၊ ဥပဒေရေးရာ တိုက်ပွဲဝင်နေသော အလုပ်သမားများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ယာယီခိုလှုံရာအိမ်တစ်လုံးကို ဖွင့်လှစ်ထားခဲ့သည်။
၂၀၀၃ ခုနှစ်တွင် (Value Trend Factory) စက်ရုံမှ မောင်းထုတ်ခံရသော အလုပ်သမား အမျိုးသမီး(၁၅၀) အတွက် တစ်ဦးလျှင် နစ်နာကြေးငွေ (၅၀၀၀)ဘတ်စီနှင့် စက်ရုံတွင် အလုပ်ပြန် ရရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၀၃ ခုနှစ် စက်တင်ဘာလ ကီဖုန်းစက်ရုံမှ မသန္တာလှိုင်ခေါ် မြန်မာ အလုပ်သမားအမျိုးသမီး တစ်ဦးအား စက်ရုံ လုံခြုံရေးအစောင့်မှ မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည်။ ထိုအမျိုးသမီး၏ ဈာပနကို စက်ရုံ(၃၀)မှ အလုပ်သမားသုံးထောင်ကျော်တို့ကို စည်းရုံးဖိတ်ကြားပြီး အင်အားပြကျင်းပခဲ့သည်။ ထိုအမှုအတွက် လိုအပ်သော အချက်အလက်များကို စုဆောင်း၍ သက်ဆိုင်ရာသို့ပေးပို့ခဲ့သည်။ အမှုကျူးလွန်သူမှာ ထောင်ဒဏ်(၁၀)နှစ် အပြစ်ပေးခံရသည်။
၂၀၀၄ ခုနှစ်တွင် ရွှေ့လျားဆေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး မဲဆောက်စက်ရုံများနှင့် မြို့ပြင် မြန်မာအလုပ်သမား များ နေထိုင်သော ရပ်ကွက်များသို့ လိုက်လံ၍ အခမဲ့ ဆေးကုသပေးခဲ့သည်။
၂၀၀၄ ခုနှစ်တွင် မဲဆောက်မြို့အထွက် စားသောက်ဆိုင်တစ်ခုတွင် ရောင်းစားခံရသော မြန်မာအမျိုးသမီး ငယ်သုံးဦးကို ကယ်ထုတ်၍ မိဘရပ်ထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဘန်းနေရာကွတ်တီယိုဆိုင်မှ အလုပ်သမားအမျိုးသမီးတစ်ဦးအတွက် သူမ၏ ရရန်ရှိသော လစာငွေနှင့် နစ်နာကြေးငွေ (၁၂၀၀၀)ဘတ်ကို တောင်းဆိုပေးနိုင်ခဲ့သည်။
၂၀၀၂ မှ ၂၀၁၂ ခုနှစ်အတွင်း အလုပ်သမားအမှုပေါင်း (၁၅၇)မှုတွင်ပါဝင်သော အလုပ်သမား (၂၃၈၃)ဦးအတွက် လုပ်အားခနစ်နာကြေးငွေ စုစုပေါင်း (၁၅,၇၄၅,၄၅၆)ဘတ်ကို ထိုင်းရှေ့နေများကောင်စီ၊ မက်(ပ်)ဖောင်ဒေးရှင်းတို့နှင့် ပူးတွဲတောင်းဆိုပေးနိုင်ခဲ့သည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ ဂျီဟတ်ဆန် ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအဖွဲ့ကြီးမှ ပေးအပ်သော (၈) ကြိမ်မြောက် TJI HAK -SOON JUSTICE AND PEACE AWARD ဆုကြီးကို ရရှိခဲ့သည်၊
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဦးဆောင်ကော်မတီဝင်များ
- ကိုမိုးဆွေ
- ကိုမျိုးဇော်
- ကိုမျိုးကို
- ကိုကျော်ဇင်
- ကိုသီဟ
- ကိုဟိန်း
- ကိုထုံချိုင်း
- ကိုမျိုး
- ကိုစိုးမိုး
- မအိမြတ်သွယ်
- မဇင်မာသက်
- ဒေါ်မြတ်မြတ်ထက်
ဌာနများ /လုပ်ငန်းအဖွဲ့များ
- စည်းရုံးရေးဌာန
- အခွင့်အရေးပိုင်းဆိုင်ရာအသိပညာမြှင့်တင်ပေးရေးဌာန
- ဥပဒေရေးရာအထောက်အကူပေးရေးဌာန
- နိုင်ငံတကာဆက်ဆံရေး
- ယာယီခိုလှုံရာအိမ်
- သတင်းနှင့်ပြန်ကြားရေး
- ရွှေ့ပြောင်းဆေးခန်း
- နေ့ကလေးထိန်းကျောင်း
- ဘဏ္ဍာရေး
- စာရင်းစစ်
0 comments:
Post a Comment