Tuesday, February 26, 2013

အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ၀န်ကြီး ၃ ဦး ဆွေးနွေး ညှိနှိုင်း

အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ ပူးပေါင်းလုပ်ဆောင်မှသာ လက်ရှိဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အလုပ်သမား၊ လယ်သမားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီတို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ Myanmar Peace Center မှာ တွေ့ဆုံခဲ့ကြပြီး အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဦးစိုးသိန်းက အခုလို ပြောခဲ့တာပါ။ " အလုပ်ရှင်ရယ်၊ အလုပ်သမားတွေရယ်၊ အစိုးရရယ် ပူးပေါင်းဆောင်ရွက်မှ ကြီးမားတဲ့ အလုပ်သမားပြဿနာတွေက ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ကယူဆတယ်၊ လက်ရှိမှာ အလုပ်သမားသမဂ္ဂရယ်၊ လယ်ယာသမဂ္ဂရယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရယ် ဒါတွေနဲ့ ပေါင်းပြီး လယ်ယာပြဿနာတွေကို ဖြေရှင်းရမှာ၊ နားထောင်ရမယ်၊ ရိုးသားရမယ်၊ တစ်ထိုင်ထဲနဲ့ ဖြေရှင်းလို့တော့မရဘူး၊ သို့သော်လည်း မတွေ့တုံးကထက်စာရင်တော့ အများကြီးကောင်းတာပေါ့" ဒီဆွေးနွေးပွဲကို မြန်မာတစ်နိုင်ငံလုံးက မှတ်ပုံတင်ထားကြတဲ့ အလုပ်သမား၊ လယ်သမားသမဂ္ဂ အဖွဲ့အစည်းပေါင်း ၄၈ ဖွဲ့က ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ သမဂ္ဂအဖွဲ့ဝင်တွေက လက်ရှိဖြစ်ပွားနေတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေ၊ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွား ပြဿနာတွေကို တင်ပြဆွေးနွေးခဲ့ကြပြီး အဖြေရှာလို့ရနိုင်တဲ့အထိ လုပ်ဆောင် ပေးသွားမယ်လို့ ဦးစိုးသိန်းက ကတိပေး ပြောကြားခဲ့ပါတယ်။ Credit to RFA

Thursday, February 21, 2013

အိန္ဒိယအစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မကျေနပ်သဖြင့် အလုပ်သမားသမဂ္ဂများ ဆန္ဒပြ

အိန္ဒိယနိုင်ငံက အလုပ်သမားသမဂ္ဂတွေဟာ အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ၂ ရက်တာ ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှောက်မှုကို ဒီနေ့ စတင်လိုက်ပါတယ်။ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ anti-labour မူဝါဒအပါအဝင် အစိုးရရဲ့ စီးပွားရေးရာ မူဝါဒသစ်တွေကို ကန့်ကွက်ကြတဲ့ သမဂ္ဂပေါင်း တဒါဇင်နီးပါးလောက်ဟာ မီးရထားလမ်း၊ ကားလမ်းတွေကို ပိတ်ဆို့ဖို့ စီစဉ်ထားပါတယ်။ အစိုးရဘဏ်လုပ်ငန်း လည်ပတ်မှုတွေကိုလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှု တွေမှာ ပြည်တွင်းလက်လီရောင်းချတဲ့ကဏ္ဍကို ကမ္ဘာတလွှား စူပါမားကတ် ဆိုင်ခွဲတွေ ပုံစံမျိုး ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ဝန်ကြီး ချုပ် မန်မိုဟန်ဆင်းကတော့ တိုင်းပြည်စီးပွားရေး ဆုံးရှုံးနစ်နာမှု ဖြစ်လိမ့်မယ်လို့ပြောပြီး သပိတ်ကို ဖျက်သိမ်းပေးဖို့ သမဂ္ဂတွေကို မေတ္တာရပ်ခံထားပါတယ်။ ဒီနေ့ အစောပိုင်းကလည်း မြောက်ပိုင်းက ပန်ဂျဘ်ပြည်နယ်မှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တဦးကို အမည်မသိလူတွေက ကားမှတ်တိုင်မှာ သတ်ဖြတ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေလည်း ထွက်လာခဲ့ပါတယ်။ ဆန္ဒပြပွဲဟာ အလုပ်သမားသမဂ္ဂတွေ အင်အားအကောင်းဆုံးဖြစ်တဲ့ အရှေ့ဘက်က အနောက်ဘင်္ဂလားနဲ့ တောင်ဘက်က ကယ်ရာလာပြည်နယ်တွေမှာ အကျိုးသက်ရောက်မှု အများဆုံးဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သပိတ်မှောက်နေတဲ့သမဂ္ဂ တွေထဲမှာ အဓိက အတိုက်အခံ ဘာရာတီယ ဂျနာနာ ပါတီ BJP နဲ့ ကွန်ဂရက်ပါတီတွေကလည်း အစိုးရရဲ့ လက်လီဈေးကွက်စနစ်၊ အာမခံလုပ်ငန်းနဲ့ လေကြောင်းဆိုင်ရာတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးဖို့ ဆောင်ရွက်ချက်နဲ့ လျော့ကျနေတဲ့ လောင်စာဆီနဲ့ မီးဖိုချောင်သုံးဓာတ်ငွေ့ ဈေးနှုန်းတွေ တက်လာတာတွေကို ဆန္ဒပြနေကြပါတယ်။ အိန္ဒိယအစိုးရရဲ့ပြုပြင် ပြောင်းလဲမှုတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းစဉ်ကို ခိုင်မာအောင် ကူညီပေးမှာဖြစ်ပြီး အကျပ်အတည်းကာလမှာ အလုပ်အကိုင်တွေ ဖန်တီးပေးမှာပါလို့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဆိုပါတယ်။ Credit to DVB

Thursday, February 14, 2013

လုပ်ငန်းရှင်၏ လိုအင် မဖြည့်တင်းနိုင် သူများသာ အေဂျင်စီသို့ အလုပ်လျှောက်ထားမှု များ

အထွေထွေ လုပ်သားများ စွမ်းရည် မပြည့်မီခြင်းကြောင့် အလုပ် ရှာဖွေပေးရာတွင် အခက်အခဲ ရှိကြောင်း ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများမှ သိရသည်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများတွင် အထွေထွေ လုပ်သားများ အများဆုံး လာရောက် လျှောက်ထားကြသော်လည်း ကုမ္ပဏီမှ သတ်မှတ်သည့် အရည် အချင်း၊ လုပ်သက်နှင့် ကိုက်ညီသော အလုပ်သမား၊ ဝန်ထမ်းများ လာရောက် လျှောက်ထားမှု နည်းလျက် ရှိကြောင်း ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များက ပြော သည်။ ကိုထွဋ် & ဘရားသား ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ”အလုပ် လာလျှောက်ကြတဲ့ အထဲမှာ အထွေထွေ အလုပ်သမား အဆင့်လောက် ပဲ များတယ်။ တချို့က ဘွဲ့တစ်ခုပဲ ရထားတယ်။ လုပ်ငန်းကျွမ်းကျင်မှု နဲ့ Certificate ဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ သူတို့ လိုချင်တာ လစာက တစ်သိန်း ဆိုတော့ အလုပ် လာလျှောက်သူနဲ့ အလုပ်ရှင် ကြား မှာ ကွာဟမှုရှိနေတယ်” ဟု ပြော သည်။ ထို့ပြင် အဆင့်မြင့် အလုပ်သမား များ အနေဖြင့် အေဂျင်စီတွင် အလုပ်လာရောက် လျှောက်ထားမှု နည်းသော်လည်း ၄င်းတို့ အရည်အချင်း၊ လုပ်သက် အတွေ့အကြုံ များ ကြောင့် အလုပ်သမားနှင့် အလုပ် ရှင်ကြား လစာ ညှိနှိုင်းမှု အဆင် ပြေကြောင်း သိရသည်။ ”ဒီနှစ်ထဲမှာ အလုပ် လာ လျှောက်တဲ့ သူတွေက ကွန်ပျူတာ နဲ့ ဆိုင်တာ များတယ်။ ဒုတိယ အများဆုံး ကတော့ Marketingကို လာလျှောက်ကြတယ်။ ဒါပေမဲ့ သူ တို့ တက်ရောက်ခဲ့တဲ့ သင်တန်း တွေကနေ လက်မှတ်ပေးတာပဲ ရှိတယ်။ သူတို့ အရည်အသွေး ဘယ်လောက် ရှိတယ်။ ဘယ်လောက် အဆင့်အထိ တက် ထားတယ် ဆိုတဲ့ ထောက်ခံချက် မပါဘူး။ အဲဒါကတော့ အလုပ်ရှာ ပေးရတာ အခက်အခဲ ဖြစ်စေ တယ်” ဟု ပုဇွန်တောင် မြို့နယ် မှ ပြည်တွင်း အလုပ်အကိုင် ရှာဖွေ ရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ လုပ်ငန်းခွင်သို့ အလုပ်တိုက် ရိုက် လျှောက်ထားမှု များတွင်လည်း ၄င်းလုပ်ငန်း ရှိ ဝန်ထမ်းနှင့် ချိတ် ဆက်မှု ရှိပြီးသော သူများသာ အလုပ်ရရှိမှု အာမခံချက် ရှိကြောင်း၊ အေဂျင်စီမှ လျှောက်ထားပါက လည်း လုပ်ခ လစာ နည်းပါးခြင်း ကြောင့် အဆင်မပြေမှု များသာ ရှိကြောင်း လက်ရှိ ပုဂ္ဂလိက ဘဏ် လုပ်ငန်း တစ်ခုတွင် အလုပ်လျှောက် ထားသူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။ Credit to Popular Myanamar

Wednesday, February 13, 2013

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။ အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။ ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ ဩဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။ ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို ပြောကြား သွားပါတယ်။

Thursday, January 10, 2013

ထိုင်းရောက်မြန်မာတွေထိုင်းနိုင်ငံသားမှတ်ပုံတင်ခွင့်ရ

ထိုင်းမှာနေထိုင်တဲ့မြန်မာတွေ ထိုင်းနိုင်ငံသား မှတ်ပုံတင်ကဒ်ပြားလျှောက်ခွင့်ရတော့မှာဖြစ်ပါတယ်။ တရားဝင်နိုင်ငံသားအခွင့်အလမ်းကို ဖွင့်ပေးခြင်းဆိုတဲ့အစီအစဉ်နဲ့ထိုင်းဝန်ကြီးချုပ်ယင်လတ်အစိုးရက ထိုင်းနိုင်ငံမှာ နိုင်ငံသားမဖြစ်သေးတဲ့သိန်းနဲ့ချီတဲ့သူတွေကို အခုလလလက်ကစပြီး ထိုင်းတစ်နိုင်ငံလုံးမှာ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့အစီအစဉ်အရ အခုထိုင်းနိုင်ငံသားရမယ့်သူတွေဟာ ၂၀၀၉ ခုနှစ်တုန်းက နောက်ဆုံးစိစစ်ထားတဲ့ သူတွေဖြစ်ပြီး တပြည်လုံးအတိုင်းအတာနဲ့ ကရင်၊ မုန်းစတဲ့ တောင်ပေါ်သားလူမျိုးစုတွေအပါအဝင် လူပေါင်း ၃ သိန်းကျော်ထိုင်းနိုင်ငံသားဖြစ်ခွင့်ရကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ ၇ ရက်နေ့တုန်းက ထိုင်းအစိုးရက အဲဒီလူတွေကို နိုင်ငံသားခံယူခွင့် လျှောက်နိုင်တဲ့ အမိန့်ကို နာမည်စာရင်းနဲ့ တကွ ပေးပို့ထားခဲ့ပါတယ်။ အခုအစီအစဉ်အရ ထိုင်းနိုင်ငံသား မှတ်ပုံတင်ကဒ်ပြား လျှောက်သူတွေအနေနဲ့ ကိုယ်နေတဲ့ ရပ်ကွက်၊ ကျေးရွာတွေကနေ သတ်မှတ်ထားတဲ့ ပုံစံဖေါင်တွေကို ဖြည့်စွက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ရမှာဖြစ်ပါတယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌပြုပြီး ဌာနဆိုင်ရာတွေပါဝင်တဲ့ စိစစ်ရေးအဖွဲ့ကနေ နိုင်ငံသားပေးဖို့စိစစ်ဆုံးဖြတ်ပြီးတာနဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို ချက်ချင်းကိုယ်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။ Credit to BBC

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ...(ဧရာဝတီဘလော့ခ်မှ ကူးယူဖော်ပြပါသည်။)


ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ...


- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။

- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။

- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။

- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။

- မတွေ့ရတာကလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီလာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ် ... တဲ့

- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။

- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း ပါရှိသွားကြောင်း သိရသည်။

သံဆူးကြိုးအတားအဆီးများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း ၀င်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။