Thursday, June 07, 2012

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဂျွန်၆ အမှတ်တရ စကားဝိုင်းပြုလုပ်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ၁၃ နှစ်မြောက် နှစ်ပတ်လည် နေ့ရက် ဖြစ်သော ဂျွန်လ ၆ ရက်နေ့တွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ Community Center ၌ ၁၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျွန်၆ စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုစကားဝိုင်းသို့ စက်ရုံအချို့မှ အလုပ်သမားများ တက်ရောက်ခဲ့ကြပြီး လူဘောင်သစ် အထွေထွေအတွင်းရေးမှူး ဦးငွေလင်း မှ ဂျွန်၆ ဖြစ်ပေါ်လာပုံ သမိုင်းနှင့် မြန်မာပြည်အလုပ်သမား သမိုင်းကို တက်ရောက်လာသော အလုပ်သမားများအား ပြောကြားခဲ့သည်။ ထို့နောက်တွင် ဟန်ထိုင်းစက်ရုံမှ အမှုနိုင်စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ ကိုစိုးမိုးမှ ၄င်း၏ အမှုအတွေ့အကြုံများ ပြန်လည်ပြောကြားခဲ့ပြီး အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၂၂၆ ဘတ် ရရှိရေးနှင့် အခြားအလုပ်သမားအခွင့်အရေး များအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသော  M Apparelအထည်ချုပ်စက်ရုံမှ အမှုနိုင် အလုပ်သမား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုပီတာမှ မဲဆောက်တွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ ၏အခြေအနေများ နှင့် ၄င်းတို့ အနိုင်ရရှိခဲ့သော အမှုအကြောင်းကို ပြောကြားခဲ့ပါသည်။
ထို့နောက်တွင် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမိုးဆွေမှ ဂျွန်၆တွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စတင်တည်ထောင်ခဲ့ပုံနှင့် အလုပ်သမားများ စည်းလုံးညီညွတ်စွာရှိနေခြင်း၊ အချင်းချင်းရိုင်းပင်းကူညီမှု အရေးပါပုံနှင့် အလုပ်သမားသမဂ္ဂအကြောင်းကို ရှင်းလင်းပြောကြားပြီး စကားဝိုင်းကို ရုတ်သိမ်းခဲ့ပါသည်။

Thursday, May 10, 2012

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ စကားဝိုင်းပြုလုပ်

မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မယ်ကုကျေးရွာရှိ တောင်ယာအလုပ်သမားများနှင့် မယ်ပကျေးရွာရှိ စက်ရုံအလုပ်သမားများအား လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အချင်းချင်း ယိုင်းပင်းကူညီမှုရှိစေရန် ရည်ရွယ်ပြီး စကားဝိုင်း ပြုလုပ်ခဲ့သည်။
မတ်လ ၃ ရက်နေ့တွင် မယ်ကုကျေးရွာရှိ တောင်ယာအလုပ်သမားများအား လက်ရှိ ၄င်းတို့ လုပ်ကိုင်နေသော လုပ်ငန်းများနှင့် လက်ရှိအခြေအနေ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မတ်လ ၄ ရက်နေ့၌ မယ်ပကျေးရွာရှိ မန်နေဂျာစက်ချုပ်ရုံတွင် အလုပ်သမားများ၏  လက်ရှိအခက်အခဲနှင့် လုပ်ငန်းခွင်ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီမှုရှိစေရန် နှင့် ယာယီ နိုင်ငံကူးလက်မှတ် ဆိုင်ရာ အကြောင်းအရာများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုမျိုးဇော်၊ ကိုထွေးနိုင် နှင့် ကိုဆက် တို့မှ ဦးဆောင်၍ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။