မဲဆောက်မြို့ M APPAREL အထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ယမန်နေ့ ၅.၆.၂၀၁၂ ရက်နေ့တွင်
၎င်းတို့ အလုပ်ရှင်ထံ တောင်းဆိုထားသည့် တောင်းဆိုချက်များ အားလုံး ရရှိသွားသည် ဟုသိရှိရသည်။
အဆိုပါ စက်ရုံမှ အလုပ်သမားများသည် ၁၄.၅.၂၀၁၂ နေ့ရက်၌ လုပ်ခလစာမရရှိမှုဖြင့် စတင်ဆန္ဒပြခဲ့ကြခြင်း
ဖြစ်ပြီး အခြေခံလစာ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ရရှိရေးနှင့် အခြားအလုပ်သမားအခွင့်အရေးများကိုပါ တောင်းဆိုခဲ့ကြခြင်းဖြစ် သည်။
အခြေခံလစာ အနိမ့်ဆုံးလုပ်အားခ တစ်နေ့ ၂၂၆ ဘတ် ရရှိရေးအပြင် လုပ်ခလစာအား လစဉ် သတ်မှတ်ထားသော ရက်တွင် ပုံမှန် ထုတ်ပေးရေး၊ တစ်ပါတ် ၁ ရက် နားခွင့်ရရှိရေး၊ အလုပ်ရှင်မှ အလုပ်သမားများအပေါ် တရားမျှတမှုရှိစွာ ဆက်ဆံရေးနှင့် အခြားတောင်းဆိုချက်များအား အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ၌ နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်ဟု သိရှိရသည်။
အဆိုပါ M APPAREL အထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများသည် ထိုင်းအစိုးရမှ ဧပြီလ ၁ ရက်၊ ၂၀၁၂ ခုနှစ်တွင် တရားဝင် ပြင်ဆင်သတ်မှတ် လိုက်သော အခြေခံလုပ်ခလစာ အနိမ့်ဆုံး လုပ်အားခ တစ်နေ့ ၂၂၆ ဘတ် အားလုပ်ခလစာ အဖြစ် ပထမဦးဆုံး ရရှိသည့် စက်ရုံဖြစ်သည်။

0 comments:
Post a Comment