Tuesday, January 08, 2013

အခွင့်အရေးသင်တန်း ပထမအကြိမ် ပြုလုပ်

ထိုင်း-မြန်မာ နယ်စပ်  မဲဆောက် အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရွှေ့ပြောင်းတိုင်းရင်းသားအလုပ်သမားများအတွက်  လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး နှင့် အမျိုးသမီးများအပေါ် လိင်ကွဲခြားမှုအပေါ်အခြေခံပြီး အမြင်ကွဲပြားမှုများစသည်တို့နှင့် သက်ဆိုင်သည့် အခွင့်အရေးသင်တန်း တစ်ခုကို ဇန်နဝါရီလ ၃ရက် နေ့မှစပြီး ၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည် ဟုသိရှိရသည်။
ထိုသင်တန်းကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ နှင့်ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကူညီပေးနေသော (အလုပ်ရှင်နှင့်အမှုရင်ဆိုင်နေရသည့်) အမှုသည်များအပါအ၀င်  စုစုပေါင်းသင်တန်းသား(၁၅) ဦးတက်ရောက်ခဲ့သည်ဟုသိရှိရပြီး သင်တန်းဆရာဖြစ်သူမှ  "  အလုပ်သမားတွေကို ကိုယ့်အခွင့်အရေးတွေကို သိရှိလာအောင်ရယ် ပြီးတော့ မိမိတို့ အခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်တတ်အောင်ရယ် ကို အဓိက ရည်ရွယ်ချက်ထားပြီးတော့ သင်တန်းတွေကို ပေးနေတာဖြစ်တယ်” ဟု ပြောကြားခဲ့ပြီး ထိုသင်တန်းအားတက်ရောက်ခဲ့သူ အလုပ်သမားတစ်ဦးမှ “ဒီသင်တန်းကနေပြီးတော့ ကျနော် အရင်က မသိခဲ့တဲ့ လူ့အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေးတွေကိုသိခဲ့ရတယ်။ တကယ်လို့ အခက်အခဲတစ်စုံတစ်ရာကြုံလာမယ်ဆိုရင် ကူညီဖြေရှင်းပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့လည်း သိကျွမ်းခွင့်ရခဲ့ပါတယ်။” ဟု ၄င်းရရှိခဲ့သော သင်တန်းအတွေ့အကြုံအား ပြောကြားခဲ့သည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် ရွှေ့ပြောင်းတိုင်းရင်းသားအလုပ်သမားများအတွက် အခွင့်အရေးသင်တန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပြီး ယခုပြုလုပ်သော သင်တန်းသည် ၂၀၁၃ ခုနှစ်အတွင်း  ပထမအကြိမ်အဖြစ် ပြုလုပ်သော သင်တန်းဖြစ်သည်။

Monday, May 28, 2012

ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက်အသက်မွေးဝမ်းကျောင်းနှင့်အခွင့်အရေးသင်တန်းများပြုလုပ်

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအ
တွက်  တတိယကြိမ်မြောက်အဖြစ် အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် အခွင့်အရေးသင်တန်းများကို ပြုလုပ်ခဲ့သည် ဟုသိရှိရသည်။
အသက်မွေးဝမ်းကျောင်းသင်တန်းတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် စက်ချုပ်သင်တန်းနှင့်
အခွင့်အရေး သင်တန်းတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအဖို့ လူ့အခွင့်အရေးဆိုင်ရာများ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာများနှင့် လိင်ခွဲခြားမှုဆိုင်ရာ အချက်အလက်များကို ပို့ချသင်ကြား ပေးခဲ့သည်ဟု သိရှိရသည်။
အဆိုပါသင်တန်းတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာများကို သင်တန်းပို့ချပေးသူ ကိုထွေးနိုင်မှ " အလုပ်ခွင်ထဲမှာ ဖိနှိပ်မခံရအောင်၊ သူတို့ရဲ့ အခွင့်အရေးတွေက ဘာတွေရှိတယ်၊ ဥပဒေတွေက ဘာတွေ
အကာအကွယ်ပေးထားတယ်ဆိုတာ သိအောင်၊ သူတို့ရဲ့ အသိတွေကို မြှင့်တင်ပေးတာဖြစ်ပါတယ် " ဟု ပြောကြားခဲ့သည်။


PhotobucketPhotobucket
PhotobucketPhotobucket












Thursday, March 15, 2012

လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေးသင်တန်းပြုလုပ်

၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစ၍ ၁၇ နေ့အထိ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ဆိုင်ရာ သင်တန်းများကို ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့၏ သင်တန်းပို့ချရေးဌာနမှ ပြုလုပ်ခဲ့သည်။
စက်ရုံ၊ အလုပ်ရုံအသီးသီးနှင့် တောင်ယာအလုပ်သမားများ စုစုပေါင်း ၁၃ ဦးတို့ကို သင်တန်းပို့ချပေးခဲ့သည်။ သင်တန်း တာဝန်ခံအဖြစ် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုမျိုးဇော်က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ထိုသင်တန်းတွင် ပါဝင်တက်ရောက်ခဲ့သော သင်တန်းသား တစ်ဦးမှ " ကျနော်တို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ကပေးခဲ့တဲ့ ဒီသင်တန်းကို တက်ခွင့်ရတဲ့အတွက် အလုပ်သမားနဲ့ သက်ဆိုင် ထိုင်းအလုပ်သမား ဥပဒေနဲ့ အလုပ်သမား အခွင့်အရေးဆိုတာကို နားလည်လာခဲ့တယ်၊ လူသားတစ်ယောက် ဖြစ်တဲ့အတွက် လူသားတစ်ဦးမှာ ရှိသင့်တဲ့ လူ့အခွင့်အရေးဆိုတာကို သိရှိ နားလည်ခဲ့တယ်။ ဒါကြောင့် ဒီသင်တန်းမျိုးကို တခြားမြန်မာပြည်သား အလုပ်သမား တွေကိုလည်း ဖြစ်နိုင်ရင် တက်စေချင်ပါတယ်။ နောက်ပြီးတော့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကိုလည်း ရှေ့ဆက်ပြီး အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့သင်တန်းတွေကို အခါအားလျောစွာ ပြုလုပ်ပေးစေချင်ပါတယ် "။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ သင်တန်းရေးရာဌာနသည် အသက်မွေးဝမ်းကျောင်းသင်တန်း၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးသင်တန်းများကို အခါအားလျော်စွာ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သင်တန်းများ ပြုလုပ်ပေးနေသော ဌာနတစ်ခုဖြစ်သည်။

Tuesday, October 18, 2011

လူ့အခွင့်အရေးသင်တန်း ထပ်မံ ဖွင့်လှစ်





၁၅ရက် ၁၀လ ၂၀၁၁ခု၊ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့မှ အလုပ်သမားများကို လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ သင်တန်းများ ပုံမှန် ဖွင့်လှစ်ပေးလျှက်ရှိသည်။

ယခု ဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်သော အလုပ်သမားများသည် ၄င်းတို့၏ အလုပ်ရှင်မှ လစာ ထုတ်မပေးသဖြင့် အလုပ်ရှင်အား တရားရင်ဆိုင်ရန် အမှုဖွင့်လိုသူများလည်း ဖြစ်သည်။ ၄င်တို့၏ အလုပ်ရှင်သည် ၄လ အတွင်းတွင် လစာ မပေးဘဲ ချေးငွေ ၅၀၀သာ ထုတ်ပေးထားသည်။ ထို့ကြောင့် အလုပ်သမားများမှ အလုပ်ပြောင်းရန် ပြင်ဆင်သောအခါ ဦးဆောင် လုပ်ဆောင်သူကို အလုပ်ရှင်က လက်သီးဖြင့် ထိုးသဖြင့် အလုပ်သမားများ မကျေမနပ်ဖြစ်ကာ အလုပ်မှနှုတ်ထွက်ပြီး အမှုရင်ဆိုင်ရန် ပြင်ဆင်ကြသည်။ ထိုအမှုကို ရခိုင်အလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့ (ALC)က လက်ခံ ဆောင်ရွက်ပြီး
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ၄င်းအလုပ်သမားများအတွက် နေရာထိုင်ခင်း စီစဉ်ပေးထားသည်။

Wednesday, September 21, 2011

ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ပညာပေးသင်တန်းဖွင့်လှစ်



ယခုလ ၁၇ရက်မှ ၁၉ရက်အထိ ရောင်ခြည်ဦးအလုပ်သမားရုံးတွင် လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်ရေးနှင့် အမျိုးသမီးအခွင့်ရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်ရာ သင်တန်းသား၊သူ ၂၀နီးပါး တက်ရောက်ခဲ့သည်။ သင်တန်း၏ရည်ရွယ်ချက်နှင့် ပတ်သတ်၍ သင်တန်းပို့ချသူအား မေးကြည့်ရာ -

“ကျနော်တို့ သင်တန်းဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံထဲမှာ ရောက်နေတဲ့ မြန်မာ
ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့ရဲ့ အခွင့်အရေးတွေကို ပိုမိုသိရှိလာအောင်ပါ။ ပြီးတော့ ကိုယ့်အခွင့်အရေးကိုလည်း ကာကွယ်တတ်အောင်ပေါ့။ သင်တန်းပြီးလို့ ကျနော်တို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် လက်တွဲ လုပ်ဆောင်ဖို့လည်း မျှော်လင့်တာပေါ့။ ကျနော်တို့က ဒီလို သင်တန်းတွေကို ၁နှစ် ၆ကြိမ် ပုံမှန်ဖွင့်ပေးတယ်။ အဲဒါအပြင် ပုံမှန် စကားဝိုင်းတွေ၊ workshopတွေနဲ့ အမျိုးသမီးတွေအတွက် သီးသန့် စကားဝိုင်းတွေလည်း အခါအားလျှော်စွာ ဦးဆောင်ကျင်းပပေးပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

အောင်မြင် ပြီးဆုံးသွားသည့် သင်တန်းနှင့် ပတ်သတ်၍လည်း "ဒီသင်တန်းပေါ်မှတော့ အားရ ကျေနပ်မှု တော်တော်လေးရှိတယ်။ သင်တန်းသားတွေကြားမှာ အချင်းချင်း ကွာဟမှု သိပ်မရှိတော့ သင်ပြရတာ အဆင်ပြေပါတယ်။ သင်တန်းသားတွေကလည်း ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်ပေမယ့် ပူပေါင်းမှု အားကောင်းတာတွေ့ရတယ်။ မကြောက်မရွံ့နဲ့ စိတ်ဝင်တစားဆွေးနွေးခဲ့တာ တွေ့ရတယ်။" မှတ်ချက်ပေးသွားခဲ့ပါသည်။

သင်တန်းတက်ရောက်ခဲ့သူများကလည်း “ဒီလို သင်တန်းမျိုးတက်ရောက်ရတာ ဝမ်းသာတယ်။ အရင်ကဆိုရင် ဘာတစ်ခုမှ သိတာမရှိဘူး။ အခု သင်တန်းတက်လိုက်တော့ ကိုယ့်အခွင့်အရေးတွေကို သိလိုက်ရတယ်။ ချိုးဖောက်ခံရရင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလည်း သိလိုက်ရတယ်။ မိမိပတ်ဝန်းကျင်မှာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရရင် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နဲ့ ပူးပေါင်းပြီး လမ်းညွှန်မှု၊ ကာကွယ်မှုတွေ လုပ်ကိုင်ပေးလို့ရတာပေါ့။ ပြီးတော့ သင်တန်းအတွင်းမှာ အုပ်စုဖွဲ့လုပ်ဆောင်မှုလေးတွေ လုပ်ပေးတော့ အလုပ်သမားအချင်းချင်း ပိုပြီး ရင်နှီးမှုတွေရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံတွေလည်း ဖလှယ်ဖြစ်တယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာတော်တော်များများကိုလည်း သိလိုက်ရတယ်။ သင်တန်းတက်ရတာ အားရကျေနပ်မှု ရှိတယ်။ နောက်ဆို ဒီလိုမျိုးသင်တန်းတွေ များများလေးဖွင့်ပေးစေချင်တယ်။ အလုပ်သမားတွေအတွက် တန်ဖိုးရှိတာပေါ့။ အလုပ်သမားတွေကိုလည်း ယခုလို သင်တန်းတွေ တက်ဖြစ်အောင် လိုက်လံ စည်းရုံးရင် ကောင်းတာပေါ့။ ” ဟု ဆို၍ ၎င်း၏ သင်တန်းအပေါ်ထားရှိသည့် အမြင်ကို ထုတ်ဖော်ခဲ့ပါသည်။