ထိုင်း-မြန်မာ နယ်စပ် မဲဆောက်
အခြေစိုက်
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရွှေ့ပြောင်းတိုင်းရင်းသားအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး နှင့် အမျိုးသမီးများအပေါ် လိင်ကွဲခြားမှုအပေါ်အခြေခံပြီး အမြင်ကွဲပြားမှုများစသည်တို့နှင့် သက်ဆိုင်သည့် အခွင့်အရေးသင်တန်း
တစ်ခုကို ဇန်နဝါရီလ
၃ရက် နေ့မှစပြီး
၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည် ဟုသိရှိရသည်။
ထိုသင်တန်းကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ နှင့်ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကူညီပေးနေသော (အလုပ်ရှင်နှင့်အမှုရင်ဆိုင်နေရသည့်) အမှုသည်များအပါအ၀င် စုစုပေါင်းသင်တန်းသား(၁၅) ဦးတက်ရောက်ခဲ့သည်ဟုသိရှိရပြီး သင်တန်းဆရာဖြစ်သူမှ " အလုပ်သမားတွေကို ကိုယ့်အခွင့်အရေးတွေကို သိရှိလာအောင်ရယ် ပြီးတော့ မိမိတို့ အခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်တတ်အောင်ရယ် ကို အဓိက ရည်ရွယ်ချက်ထားပြီးတော့ သင်တန်းတွေကို ပေးနေတာဖြစ်တယ်” ဟု ပြောကြားခဲ့ပြီး ထိုသင်တန်းအားတက်ရောက်ခဲ့သူ အလုပ်သမားတစ်ဦးမှ “ဒီသင်တန်းကနေပြီးတော့ ကျနော် အရင်က မသိခဲ့တဲ့ လူ့အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေးတွေကိုသိခဲ့ရတယ်။ တကယ်လို့ အခက်အခဲတစ်စုံတစ်ရာကြုံလာမယ်ဆိုရင် ကူညီဖြေရှင်းပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့လည်း သိကျွမ်းခွင့်ရခဲ့ပါတယ်။” ဟု ၄င်းရရှိခဲ့သော သင်တန်းအတွေ့အကြုံအား ပြောကြားခဲ့သည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် ရွှေ့ပြောင်းတိုင်းရင်းသားအလုပ်သမားများအတွက်
အခွင့်အရေးသင်တန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပြီး ယခုပြုလုပ်သော သင်တန်းသည် ၂၀၁၃ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် ပြုလုပ်သော သင်တန်းဖြစ်သည်။
0 comments:
Post a Comment