၁၅ စက်တင်ဘာ ၂၀၁၀ ရောင်ခြည်ဦး
လာမည့် စက်တင်ဘာ (၁၆) ရက်တွင် မဲဆောက်၌ တရားမ၀င်အလုပ်သမားများအား ထပ်မံဖမ်းဆီးမည့် စီမံချက်ရှိသောကြောင့် ကြိုတင်ရှောင်ရှားနိုင်ရန် အလုပ်ရှင်နှင့် အလုပ်သမားများကို ထိုင်းကျေးရွာသူကြီးများက အကြောင်းကြားထားကြောင်း သိရသည်။
ယခု ပြုလုပ်မည့်စီမံချက်သည် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် (၃) ရက်မှ (၅) ရက်နေ့ အတွင်းကလည်း တရားမ၀င်မြန်မာအလုပ်သမားများကို ဖမ်းဆီးသည့် စီမံချက်ပြုလုပ်ခဲ့ရာ မြန်မာအလုပ်သမား (၂,၀၀၀) ကျော် အဖမ်းခံရပြီး ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံ မြ၀တီဘက်သို့ ပြန်ပို့ခဲ့သည်။
ဝှေ့ကလုပ် အထည်ချုပ်စက်ရုံမှ အလုပ်သမ မော်မော်က “ကျမတို့ စက်ရုံကလူတွေ ဒီနေ့ကစပြီး ရှောင်ကြပြီ။ အဖမ်းခံရရင် မကာမိဘူး ကိုယ်ပဲနစ်နာတယ်။ ရွာသူကြီးပြောတာဆိုတော့ အလေးမထားလို့မရဘူး” ဟု ပြောသည်။
အဆိုပါ စီမံချက်ကာလက မြန်မာအလုပ်သမား (၅,၀၀၀) ခန့် မြ၀တီဘက်ခြမ်းသို့ သွားရောက် ရှောင်တိမ်းခဲ့ကြသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။
ယနေ့တွင်လည်း မဲဆောက်မြို့၌ စက်ဘီး၊ မော်တော်ဆိုင်ကယ်များနှင့်အတူ အဖမ်းခံရသည့် မြန်မာအလုပ်သမား (၁၀၀) ကျော်ရှိသည်ဟု သိရသည်။
မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် တရားမ၀င်အလုပ်သမား (၄) သိန်းခန့်ရှိပြီး မဲဆောက်ဒေသတွင် (၂) သိန်းခန့်ရှိကာ ခရိုင်အတွင်း တရားဝင်အလုပ်သမား မှတ်ပုံတင်ထားသူပေါင်းမှာ (၆) သောင်းခန့်သာရှိသည်ဟု ထိုင်းအလုပ်သမားရုံး၏ မှတ်တမ်းများအရ သိရသည်။
ကိုးကား။ ။ခေတ်ပြိုင်
0 comments:
Post a Comment