ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် လာရောက် စောင့်ဆိုင်းသည့် လူအုပ်မှာ များပြားသည့် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက မေတ္တာရပ်ခံ ပြောဆိုနေရ ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လုံခြုံရေး ကာရံထားသည့် သံဆူးကြိုးနားသို့ လူ ၄၀၀၀-၅၀၀၀ ခန့် လူအုပ်ကြီး ရောက်ရှိလာ၍ အဓိကရုဏ်း နိုမ်နင်းရေး လုံထိန်း ၅၀ ခန့်က အသင့် အနေ အထား ပြင်ထားပြီး အရာရှိတဦးက လူအုပ်ကို အနားမကပ်ရန် တားမြစ်ကြောင်း၊ လူအုပ်မှာ ၁၀ ပေခန့် နောက်ဆုတ်ပေးရ ကြောင်း သတင်း ရသည်။ အခြေအနေကို NLD က ထိန်းသိမ်း နေသည်။
ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန်အတွက် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်သို့ လူအများအပြား လာရောက်ကြောင်း၊ ရုံးတဘက်ခြမ်းရှိ အုတ်လမ်းကြား၊ ယုဇန တာဝါနှင့် ရုံးအနီးရှိ စာသင်ကျောင်းဘက်ခြမ်းတွင် စောင့်ဆိုင်း နေ သည့် လူများမှာ ရာနှင့်ချီရှိလာပြီဖြစ်ပြီး ယာဉ်အသွားအလာမှာလည်း တဖြည်းဖြည်း ပိတ်ဆို့လာနေပြီ ဖြစ်ကြောင်း ရုံးချုပ်မှ NLD အဖွဲ့ဝင်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကုက္ကိုင်း လမ်းဆုံတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု လူ ၂၀၀၀ နီးပါးခန့်က ကြွေးကြော် နေကြောင်း သိရသည်။ ရွှေတောင်ကြား ရပ်ကွက် အတွင်းသို့ ၀င်ရောက်သည့် လမ်းပေါက်မှစပြီး အတားအဆီးများ ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်နှင့် လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိကြောင်း သိရသည်။(ဧရာဝတီသတင်းဌာနမှကူးယူဖော်ပြပါသည်။)
0 comments:
Post a Comment