Wednesday, April 18, 2012

မြေယာ သိမ်းခံရသော ကရင်နီ လူထုတွေ အကျိုးဆောင်ရှေ့နေ လိုလားနေ


ကရင်နီပြည်မှာ စစ်သင်တန်းကျောင်းများ ဆောက်လုပ်ဖို့အတွက် ဒေသခံတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို စစ်တပ်က သိမ်းဆည်းယူငင်တာတွေ ရှိနေပါတယ်။ ဒါ့အပြင် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေသာမကသေးပဲ အနီးနားမှာ ရှိတဲ့ ဒေသခံတွေရဲ့ တခြားလယ်ယာမြေတွေကိုပါ ထပ်တိုးတိုင်းထွာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ကရင်နီလူထုများဟာ လယ်ယာမြေ သိမ်းခံရတဲ့ အပေါ်မိမိတို့၏ အခြေအနေနဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာ မြေများအတွက် ဥပဒေကြောင်းအရ သိရှိနားလည်ကာ မိမိတို့ကို အထောက်အကူ ပြုနိုင်မည့် ရှေ့နေများ လိုအပ်နေတယ်လို့ ပြောဆိုနေကြပါတယ်။

“လူထုတွေအတွက် ရှေ့နေ လိုနေပါတယ်။ လက်ရှိ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ) အခြေခံဥပဒေကို သိကျွမ်းနားလည်ထားပြီး လူထုရဲ့ အခြေအနေမှန်တွေကို တင်ပြနိုင်ဖို့နဲ့ မြေယာသိမ်းခံရတဲ့ ကိစ္စတွေအတွက တရားဥပဒေနည်းလမ်းအရ ပြောဆိုပေးနိုင်မည့်သူ လိုက်ပေးမည့် သူလိုအပ်နေပါတယ်” လို့ဖရူဆိုမြို့မှ ဒေသခံတဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်တပ် လေ့ကျင့်ရေး သင်တန်းကျောင်းများ ဆောက်လုပ်ဖို့အတွက် ဒေသခံလူထုများရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေ ဧရိယာအပြင် တခြား နေရာတွေကိုလည်း ပိုမိုတိုင်းထွာလာမှု များနေတယ်လို့ ဆိုပါတယ်။
“အခုက မြေပုံထဲမှာ ချပြထားတာထက် ပိုပြီး တိုင်းထွာမှုတွေ လုပ်နေတယ်။ ဒါကြောင့် အခြေအနေတွေက ပိုမိုဆိုးရွားနေပါတယ်” လို့ မြေသိမ်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေလိုက်ရှာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

KNPP နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ရဲ့ ပြည်အဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ KNPP ဘက်မှ ကရင်နီပြည်တွင်း လယ်ယာမြေများ သိမ်းဆည်းမှုများနဲ့ ပတ်သက်ပြီးတော့ တင်ပြလာတဲ့အခါမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ခုလို ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စကို ကျနော် ဆုံးဖြတ်ပေးလို့ မရဘူး။ ကျနော် အဲဒါကို ကျနော် ယူသွားပြီးတော့ သမ္မတကြီးကို တင်ပြပေးမယ်။ မနေ့ကလည်း ကျနော် အဲဒီတိုင်းပဲ ပြောထားတယ်လေ။ ကျနော် တင်ပြပေးမယ် မြေပိုင်ရှင် ရှိတယ်ဆိုလည်း အရမ်းကာတော့.. မြေသိမ်းမခံရအောင် တန်ရာတန်ကြေး ပေးအောင် ဒီလိုပဲ ကျနော်တို့က မဖြစ်မနေ လုပ်ရမယ်ဆိုလည်း အဲလိုပဲ လုပ်ရမှာပဲ တန်ရာတန်ကြေးတော့ ပေးရမှာပေါ့” လို့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ရေးသင်တန်းလေ့ကျင့်ရေးကွင်း တည်ဆောက်ဖို့ အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ ပြည်သူပိုင် လယ်ယာမြေ ဧက ၂၇၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ သိမ်းဆည်းခဲ့ပါတယ်။

ယခု ၂၀၁၂ ခုနှစ်မှာလည်း လွိုင်ကော်မြို့ အရှေ့မြောက်ဖက်ရှိ ပကျဲရွာဟောင်းမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ တရုတ်ကုမ္ပဏီတခုမှ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြေဧက ၁၂၀၀ ခန့်ကို သိမ်းဆည်းခဲ့တဲ့အပြင် ၂၀၀၈-၂၀၀၉ ခုနှစ်မှာလည်း ဘောလခဲမှ ဧက ၆၀၊ ဖရူဆိုမှ ဧက ၅၀၊ ဒီးမော့ဆိုနဲ့ငွေတောင်မှ ဧက ၈၀ အပြင် လွိုင်ကော်မြို့ စက်မှုဇုံတို့ကိုလည်း အာဏာပိုင်တွေကသိမ်းဆည်းခဲ့ပါတယ်။


REF : ကန္တာရဝတီတိုင်း(မ်)

0 comments:

Post a Comment