Wednesday, May 23, 2012

ခွန်ကယ်တွင် အဖမ်းခံရသော မြန်မာအလုပ်သမားများ မြန်မာပြည်ဘက်ခြမ်းသို့ ရောက်ရှိ

အလုပ်သမားလက်မှတ် မရှိသောကြောင့် ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခြင်းခံရပြီး ထောင်ကျနေသော ထိုင်းနိုင်ငံ၊ခွန်ကန်ခရိုင် ငါးဖမ်းပိုက်စက်ရုံမှ (Dechapalich Fishing Net Factory) ရွှေ့ပြောင်းမြန်မာအလုပ်သမား ၇၀၀ ကျော် မြန်မာပြည်ဘက်ခြမ်း မြ၀တီမြို့သို့ ယနေ့ ၂၂.၅.၂၀၁၂ နံနက်ပိုင်းတွင် အေးချမ်းစွာ ရောက်ရှိသွားကြောင်း သိရှိရသည်။
၎င်းအလုပ်သမားများ ထောင်ကျနေစဉ်အတွင်း လိုက်လံကူညီဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အောင်သပြေကျောင်းဆရာတော် ဦးဇောတိကအား မေးမြန်းရာတွင် "စပြီး အဖမ်းခံထိတာတော့ ၉ရက်နေ့ကပဲ။ အဲဒီစက်ရုံက မြန်မာပြည်သားအလုပ်သမားတွေအတွက် စက်ရုံနောက်ဘက်တောထဲမှာ စစ်တပ်ကတန်းလျားတွေလိုပဲ အခန်းတွေ ဖွဲ့ပေးထားတယ်။ စဖမ်းခံမထိခင် ၂ရက်လောက်အလိုမှာ အဲဒီတောထဲမှာ ရှိတဲ့ တန်းလျားတွေကို ဟယ်လီကော်ပတာနဲ့ အပေါ်ကနေပြီးတော့
ထိုင်းရုပ်မြင်သံကြား သုံးလိုင်း (Channel 3) က ဒီစက်ရုံမှာ မြန်မာပြည်သားတွေ တရားမ၀င်ရှိပါတယ်ဆိုပြီး လာရိုက်သွားတယ်။ ပြီးတော့ သတင်းကနေ တင်ပြလိုက်တယ်။ သတင်းထွက်သွားတဲ့အခါကျတော့ စက်ရုံသူဠေးက မြန်မာပြည်သားတွေ လက်မှတ်မရှိတဲ့သူတွေ ရဲရှောင်ရမယ်။ တို့စက်ရုံရဲဝင်မယ်ဆိုပြီး ပြောတဲ့အခါကျတော့ အဲဒီလိုသတင်းထွက်ပြီး နောက်တစ်ရက်မှာ မနက်ခင်းကနေ နေ့ခင်းအထိ တစ်နေကုန်ပဲ စက်ရုံထဲမှာ မနေကြနဲ့၊ စက်ရုံထဲမှာ ဖမ်းခံထိရင် တို့တာဝန်မယူဘူး။ အဲတော့ ရဲရှောင်ရမယ် အကုန်လုံးတက်ဆိုပြီး ကားကြီး၊ ကားလေးတွေနဲ့ မြန်မာပြည်သား ၇၀၀ ကျော်ကို ခေါ်ထုတ်သွားတယ်။ အဲဒီခေါ်ထုတ်တဲ့နေရာမှာ တစ်ညအိပ်ရသေးတယ်။ တစ်ညအိပ်ပြီးလို့ နောက်တစ်နေ့ မနက် ၉ နာရီလောက်မှာ ရဲက အသားလေးဝိုင်းဖမ်းလိုက်တယ်။ ပုန်းတဲ့နေရာမှာ ရဲသွားဖမ်းတဲ့အခါကျတော့ လူကများတယ်။ အချုပ်ထဲမှာ မဆန့်တော့ အကုန်လုံးကို ထောင်ထဲ ထည့်ထားလိုက်တယ်။ ထောင်ဝင်စာသွားတွေ့ချင်တဲ့ သူတွေကို ၇ ရက်တိတိ ဦးဇင်းက ကူညီပေးတယ် " ဟု ပြောကြားခဲ့သည်။ အဆိုပါစက်ရုံသည် လွန်ခဲ့သော နှစ်က အလုပ်သမားများ၏ ယာယီပတ်စပို့များကို သိမ်းဆည်းပြုပြင်ခြင်းကြောင့် အလုပ်သမားဆန္ဒပြမှုများ ဖြစ်ခဲ့ဖူးသော စက်ရုံဖြစ်ကြောင်းသိရသည်။

၂၀.၅.၂၀၁၂ ရက်နေ့တွင် အဆိုပါ ဆရာတော်မှ  မြန်မာသံရုံးသို့ အကူအညီတောင်းခံ ခဲ့သည်။ မြန်မာသံရုံးတာဝန်ရှိသူများမှ ထိုင်းနိုင်ငံ အစိုးရသို့ မေတ္တာရပ်ခံခဲ့ရာ ၂၁.၅.၂၀၁၂ တွင် ထိုအထိန်းသိမ်းခံ အလုပ်သမားများကို ခွန်ကန် အကျဉ်းထောင်မှ တဆင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပို့ဆောင်ပေးလိုက်သည်ဟု ဆရာတော် ဦးဇောတိကမှ ပြောကြားခဲ့သည်။


အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ၂၁.၅.၂၀၁၂ ရက်နေ့ မနက်တွင် ရဲအချုပ်ကား ၃၅ စီးဖြင့်ခွန်ကန်မြို့ အကျဉ်းထောင်မှ မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ သံဃာ့ဥသျှောင်အဖွဲ့ (မဲဆောက်) မှ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ၂၁.၅.၂၀၁၂ ညတွင် မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရးရုံးတွင် သွားရောက်တွေ့ဆုံ အကူအညီ ပေးခဲ့သည်။
 ၂၂.၅.၂၀၁၂ ရက်နေ့တွင် အဆိုပါအလုပ်သမားများအား ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင် အကူအညီပေးနေသော ဘုန်းတော်ကြီး  ၂ ပါးနှင့်အတူ သွားရောက်တွေ့ဆုံပြီး ထိုအလုပ်သမားများအား အစားအစာများ ဝေငှပေးခဲ့သည်ဟု သိရှိရသည်။
ထိုသို့ အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရာတွင် ဒီကေဘီအေ ၉၉၉ ဂိတ်မှအတားအဆီးမရှိ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့သည်ဟု သိရှိရသည်။





0 comments:

Post a Comment