Friday, July 13, 2012

အလုပ်သမားများအား အလုပ်ရှင်လွှဲပြောင်းသည့် စာရွက်စာတမ်း မပေးမှုများ မဲဆောက်တွင် အဖြစ်များနေ


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ Platinum Garment Co.,Ltd (ပလက်တီနမ်အထည်ချုပ်စက်ရုံ) မှ အလုပ်သမား ၃၈ ဦးသည် လုပ်ငန်းခွင် အသစ်သို့ ပြောင်းလဲလုပ်ကိုင်သည့်အခါ  ပလက်တီနမ်အထည်ချုပ်စက်ရုံ မှ မန်နေဂျာ ဖြစ်သူ Pသွဲ့ သည် အလုပ်သမားများအား အလုပ်ရှင်လွှဲပြောင်းခွင့် မပေးခဲ့ကြောင်းသိရှိရသည်။

ဖြစ်ပွားပုံမှာ ပလက်တီနမ်အထည်ချုပ်စက်ရုံ မှအလုပ်သမားများသည် အဆိုပါစက်ရုံမှ အလုပ်ထွက်ခဲ့ပြီးနောက် ချန်ပီယံစက်ရုံအနီးရှိ  အိမ်ရုံတစ်ရုံတွင် အလုပ်ပြောင်းရွှေ့လုပ်ကိုင်ပြီး ၄လကျော်ခန့် ကြာမြင့်သည့်အချိန်တွင် အလုပ်လုပ်ခွင့်ပြုချက် (Work Permit) လျှောက်ထားရန်အတွက် ပလက်တီနမ်အထည်ချုပ်စက်ရုံ မန်နေဂျာထံတွင် အလုပ်ရှင်လွှဲပြောင်းသည့် စာရွက်စာတမ်းများ သွားရောက်တောင်းယူသည့်အခါ အဆိုပါ မန်နေဂျာမှ လွှဲပြောင်းခွင့် စာရွက်စာတမ်းများ ထုတ်မပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပလက်တီနမ်အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဖြစ်သူ Pသွဲ့ သည် ထိုင်း-လာအိုနွယ်ဖွား တစ်ဦးဖြစ်သည် ဟုသိရှိရသည်။ ၄င်းနှင့်ပတ်သက်၍ အလုပ်သမားတစ်ဦးမှ “ ပလက်တီနမ်ရုံက မန်နေဂျာက အရမ်းစိတ်ပုပ်တာ၊ အလုပ်သမားတွေ အပေါ်ညစ်တာ၊ အလုပ်သမားတွေအပေါ်မကောင်းဘူး တစ်ချို့ဆိုရင် လစာတွေ ဆုံးပြီးတော့ အလုပ်ထွက်သွားရတာတွေ ရှိတယ်။ အလုပ်ချိန်ကို မတရားခိုင်းတယ် မနက် ၈ နာရီကနေ ည ၁ နာရီ အထိ အလုပ်လုပ်ရတယ်၊ ပြီးတော့ ခွင့်ယူတဲ့အခါကျရင် ခွင့် တော်တော်နဲ့ မပေးဘူး၊ နေမကောင်းတဲ့အခါကျရင်လည်း အလွယ်တကူနဲ့ ပေးမနားဘူး” ဟုပြောကြားခဲ့သည်။

အလုပ်သမားရှာဖွေခန့်ထားရေးရုံး (ကျဟန်ငန်း) သို့ အလုပ်လုပ်ခွင့်ပြုချက် လျှောက်ထားသည့် အခါတွင်လည်း အဆိုပါ ပလက်တီနမ်အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား ခွင့်ပြုချက်မပေးပဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။ ထိုအကြောင်းအား မေးမြန်းခဲ့သည့်အခါ “Work Permit လုပ်ဖို့တင်တဲ့ အခါကြတော့ လက်ရှိ အလုပ်လုပ်နေတဲ့ရုံက ပွဲစားနဲ့ သွားတင်တယ်၊ သွားတင်တဲ့အခါကြတော့ တင်လို့ မရဘူးဆိုပြီး ပြန်လာပေးတယ် ရုံးကနေ အကုန်လုံး ပယ်ချလိုက်တယ်တဲ့ ဘာကြောင့်လဲဆိုတော့ ပလက်တီနမ်ရုံက မန်နေဂျာက ဒီလူအားလုံး Work Permit လုပ်လို့မရအောင် လွှဲပြောင်းစာမပေးဘူး အကုန်ဖြတ်ထားတယ်လို့ပြောတယ်။ အဲဒီလို လုပ်ထားတဲ့အတွက် ပလက်တီနမ်ရုံက လူတွေအားလုံးတင်လို့ မရဘူး ဆိုပြီး လက်ရှိ မန်နေဂျာက Pသွဲ့ ကပြောတယ်” ဟု အလုပ်သမားတစ်ဦးမှ ဖြေကြားသွားခဲ့သည်။

ထို့နောက် လက်ရှိအလုပ်လုပ်ကိုင်နေသော စက်ရုံမှ မန်နေဂျာဖြစ်သူ Pကေဆိုသူနှင့် အလုပ်သမားများ အလုပ်သမားရှာဖွေခန့်ထားရေးရုံး သို့ သွားရောက်ခဲ့သည်။ အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှ မန်နေဂျာဖြစ်သူ Pကေ အား အလုပ်သမားများနှင့် ပတ်သက်၍ အာမခံနိုင်/ မခံနိုင် မေးမြန်းခဲ့သည်။  မန်နေဂျာဖြစ်သူ Pကေမှ အဆိုပါ အလုပ်သမားများ အပေါ် အာမခံချက် မပေးရဲသဖြင့် အလုပ်လုပ်ခွင့်ပြုချက် ( Work Permit) လျှောက်ထား၍ မရပဲ၊ ပလက်တီနမ်အထည်ချုပ်စက်ရုံ မှ မန်နေဂျာနှင့် လက်ရှိမန်နေဂျာတို့ ပြန်လည်ဆွေးနွေးရန် အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှ ပြောကြားခဲ့သည်ဟု သိရသည်။

ထိုသို့ အလုပ်သမားရှာဖွေခန့်ထားရေးရုံးသို့ သွားရောက်ပြီး ညနေပိုင်းတွင် အဆိုပါ စက်ရုံသို့ Federation of Thai Industries (Tak) , FTI ( Tak, Chapter )  တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ ၂ ဦး ရောက်ရှိလာပြီး မန်နေဂျာဖြစ်သူ Pကေနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထို့နောက်  အလုပ်သမားများကို အလုပ်မဆင်းခိုင်းတော့ဘဲ (စက်ရုံဟောင်း) ပလက်တီနမ်စက်ရုံမန်နေဂျာထံမှ လုပ်ငန်းရှင် လွှဲပြောင်းစာ တောင်းရန်၊ လွှဲပြောင်းစာ ရရှိပါက စက်ရုံတွင် ပြန်လည်လက်ခံမည် ဖြစ်ပြီး မရပါက စက်ရုံတွင် လက်မခံနိုင်ဟု ပြောဆိုပြီး စက်ရုံမှထွက်ခွာပေးရန် ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ထိုသို့ စက်ရုံမှ ထွက်ခွာပေးရန်ဟု ပြောခဲ့ခြင်းမှာ အလုပ်ရှင်လွှဲပြောင်းစာ မရှိသောကြောင့် အလုပ်လုပ်ခွင့်ပြုချက် လျှောက်ထား၍မရသဖြင့်  ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီးမည် ဖြစ်သောကြောင့် ဟုသိရှိရပြီး Federation of Thai Industries (Tak) , FTI ( Tak, Chapter )  တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ ၂ ဦး ရောက်ရှိလာပြီး သည့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် သက်သေများအရ သိရှိရသည်။

အဆိုပါ ပလက်တီနမ်စက်ရုံမှ မန်နေဂျာဖြစ်သူ၏ ဆိုးသွမ်းမှုကြောင့် အလုပ်သမားများမှာ ထိုစက်ရုံမှ ပြောင်းရွှေ့လုပ်ကိုင်ကြသည့်အပေါ် အငြိုးထားပြီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားတစ်ဦးမှ ပြောကြားသွားခဲ့ပြီး ထိုအလုပ်သမားများသည် ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသူများ ဖြစ်သည်။


0 comments:

Post a Comment