ဖြစ်ပွားပုံမှာ အဆိုပါ M-Apperal စက်ရုံ (QC) အထည်စစ်ဌာနတွင် အလုပ်လုပ်ကိုင်နေသော အလုပ် သမားတစ်ဦးသည် ၄င်း၏ကျန်းမာရေးအခြေအနေကြောင့် အထည်ပိတ်လိပ်များကို မထမ်းနိုင်သဖြင့် (QC) အထည်စစ်ဌာန မန်နေဂျာဖြစ်သူအား ရှင်းပြခဲ့ရာ အထည်စစ်ဌာန မန်နေဂျာမှ လက်ခံခဲ့ခြင်းမရှိဟု သိရှိရသည်။ ထို့ကြောင့် အဆိုပါ အလုပ်သမားဖြစ်သူမှ အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုပီတာအား သွားရောက်ပြောကြားခဲ့ရာ ကိုပီတာမှ အမှန်တကယ် မကျန်းမာသောကြောင့် အလေးအပင်များမထမ်း နိုင်ကြောင်းကို ဆေးစာနှင့်တကွ အကျိုးသင့်အကြောင်းသင့် မန်နေဂျာကို တင်ပြနိုင်ကြောင်း အကြံပေးခဲ့ရာ ထိုအလုပ်သမားမှ (QC) အထည်စစ်ဌာန မန်နေဂျာထံသို့သွားရောက် တင်ပြခဲ့သော်လည်း လက်မခံသည့်အပြင် သုံးကြိမ်တိတိ ပိတ်လိပ်များကို ထမ်းခိုင်းခဲ့သည်ဟု သိရှိရသည်။
ထို့ကြောင့် အဆိုပါစက်ရုံမှ အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုပီတာမှ မန်နေဂျာ၏ မိမိအလုပ်သမား များအပေါ် ယခုကဲ့သို့ မတရားခိုင်းစေညှင်းပန်းနေမှုကို စဝါဒီကန် (အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး) သို့သွားရောက်တိုင်ကြားချင်သောကြောင့် ခွင့်ရက် တစ်ရက်တောင်းဆိုခဲ့ရာတွင် စက်ရုံမှ ခွင့်ရက် မပေးခဲ့ဟု သိရှိရသည်။
ထို့နောက်တွင် မြန်မာပြည်မှ ပြန်လာသော ၄င်း၏အမျိုးသမီးဖြစ်သူအား ကြိုရန် ခွင့်တောင်းခဲ့ရာ ၄င်းအား ခေတ္တစောင့်ဆိုင်းရန် ပြောဆိုပြီး နေ့လယ်တစ်နာရီခွဲအချိန်တွင် စက်ရုံမန်နေဂျာဆိုသူ ရောက်ရှိလာကာ
၎င်းအား အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ပြောခဲ့သည်ဟုသိရှိရသည်။ အဆိုပါ M-Apparel အထည်ချုပ် စက်ရုံမှ အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုပီတာမှ ကတိခံဝန်စာချုပ်လေးခုကို ချိုးဖောက်သည့်အတွက် ထုတ်ခြင်းဖြစ်သည်ဟုပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြောင်းအရာအား အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုပီတာအား မေးမြန်းခဲ့ရာ “ကျနော့်မန်နေဂျာကိုကျနော် ပြန်မေးတယ်” ဘာကတိခံဝန်ချုပ်လေးခုကို ကျနော်ထိုးထားမိလဲ၊ နောက်ကျနော်ဘာတစ်မှာမှ မထိုးမဘူးလို့ ပြောတော့” မန်နေဂျာက “ဒီစာချုပ်မှာ မင်းလက်မှတ်မထိုးလည်း ငါတို့ဘာသာထိုးထားတယ်၊ အသိသက်သေတွေနဲ့ထိုးထားတာ” ဟု ပြောဆိုခဲ့ကြောင်း ကိုပီတာမှ ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုပီတာသည် M-Apperal အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၂၂၆ ဘတ်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြပွဲ၌ ပါဝင်တိုက်ပွဲဝင်ခဲ့သော အလုပ်သမားခေါင်း ဆောင်တစ်ဦးဖြစ်ပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ နှင့် MAP ဖောင်ဒေးရှင်း ရှေ့နေများမှ လိုက်လံ ကူညီဆောင်ရွက်ပေးနေသည်ဟု သိရှိရသည်။









0 comments:
Post a Comment