လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း အတွင်း၌ ဖွင့်လှစ် ထားသော သပိတ် စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီ၌ စတင် ဖြိုခွဲ ခဲ့ပါသည်။ လုံခြုံရေး တပ်ဖွဲ့များသည် မျက်ရည်ယိုဗုံး၊ ရေပိုက် များကို အသုံးပြုပြီး ဖြိုခွဲ ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် များက ဆိုပါသည်။
“ သိရ သလောက်တော့ (၅၀) ခန့် ရှိမယ် မုံရွာဆေးရုံမှာ ဒဏ်ရာ ရပြီး ကုသနေရတယ်။ အဲဒီ အထဲမှာ သံဃာတော် များလည်း အတော် များများ ပါတယ်။ စခန်း အားလုံးကို မဖြိုသေးဘူး။ အမာခံ စခန်းလို့ ယူဆ ရတဲ့ စခန်း (၃) ခုကို ကျနော်တို့ ဆုတ်ပေး ခဲ့ရပြီးပြီး” ဟု ဆိုပါသည်။
မျက်ရည်ယို ဗုံးများ ပစ်ခတ် မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာ၌ မီးလောင်ကျွမ်း မှုများ ဖြစ်ပေါ်နေပြီး သတင်း မီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များ မီးလောင် ပျက်စီး ခဲ့ပါသည်။ ဖောင်းကားတောင်ရွာ ဘုန်းတော်ကြီးကျောင်းမှ ဒဏ်ရာ အပြင်းအထန် ရရှိသူ သံဃာ ၆ ပါးနှင့် လူတစ်ဦး ရှိနေပြီး ဖြိုခွင်း မှုကြောင့် ပိတ်မိနေသော အဖွဲ့များ ဖောင်းကား ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည် စုစည်း မိကြပါသည်။
လယ်တီ ဆရာတော် ဘုရား၏ သိမ်နေရာမှ သပိတ် စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ အချိန်အထိ အဆက် အသွယ် မရသေးကြောင်း၊ တောင်ကြားနှင့် ဆည်တည်း စခန်းမှ သပိတ် အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီး ပြန်ခိုင်း စေခဲ့ပါသည်။
သပိတ် ဖြိုခွဲရေး အတွက် ဆားလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အမိန့်ပေးခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက် နေ့ည ၁၂ နာရီ အချိန် အထိ လူစု မခွဲပါက ရဲ၏ လုပ်ထုံး လုပ်နည်း ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ် တို့တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှ ကြေညာ ခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိပေ။
အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် ဧရိယာ အတွင်းရှိ စုဝေးနေသည့် သပိတ်စခန်း ၆ ခု အနက် ၃ ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေး ခဲ့ရပါသည်။
Credit - http://www.phophtaw.org
0 comments:
Post a Comment