Monday, December 10, 2012

မြန်မာချုပ်အထည်တွေအမေရိကန်ပို့ဖို့ကြိုးပမ်း

မြန်မာနိုင်ငံချုပ်အထည်တွေအမေရိကန်ကိုပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌဦးမြင့်စိုးနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့သတင်းပတ်တွေက အမေရိကန်နိုင်ငံကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ဟာမြန်မာနိုင်ငံကပို့ကုန်တွေကို ပိတ်ဆို့ထားရာက လျော့ပေါ့ပေးမယ့်အကြောင်း သမ္မတဘရက်အိုဘားမား မြန်မာပြည်မလာခင်လေးကပင် ကြေညာခဲ့တာဖြစ်ပါတယ်။ လျော့ပေါ့ပေးတဲ့အထဲမှာ အဓိကအားဖြင့် မြန်မာပြည်ချုပ်အထည်တွေလည်းပါဝင်မှာဖြစ်ပါတယ်။ အခုလိုပိတ်ဆို့မှုတွေလျော့ပေါ့ပေးတဲ့အတွက် အမေရိကန်ကိုမြန်မာနိုင်ငံကတင်ပို့မယ့်အထည်တွေဟာ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိတိုးတက်လာမယ်လို့မျှော်မှန်းထားကြောင်းဦးမြင့်စိုးကပြောပါတယ်။ ဂျပန်နိုင်ငံကို တိုးတက်တင်ပို့နိုင်ခဲ့သလိုမျိုးရေရှည်မှာဆိုရင်လည်းဈေးကွက်ပွင့်လင်းလာမှုနဲ့ ထုတ်လုပ် စွမ်းအားမြင့်မားမှုအပေါ်မူတည်ပြီး အမေရိကန်ကိုလည်း တစ်နှစ်ထက် တစ်နှစ် တိုးတိုးပြီးတင်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်းသူကပြောပါတယ်။ သူ့ရဲ့အမေရိကန်ခရီးစဉ်အတွက်အလုပ်သမားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကုမ္ပဏီတွေဘက်က ယူရမယ့်တာဝန်အပိုင်းတွေ ၊ အမေရိကန်က စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေ အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဦးမြင့်စိုးကပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီတဲ့အလုပ်ချိန်သတ်မှတ်ချက်လို အလုပ်သမားဥပဒေ အများအပြားရှိပေမဲ့နိုင်ငံတကာနဲ့မညီသေးတဲ့ ဥပဒေတွေလည်းရှိကောင်းရှိနိုင်တာကြောင့် ညှိနှိုင်းလုပ်ဆောင် သွားရမယ့်အခြေအနေတွေလည်းရှိနိုင်ကြောင်းသူကပြောပါတယ်။ Credit to BBC

0 comments:

Post a Comment