ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မှာ လယ်သမားတွေနဲ့ အင်းလုပ်သားတွေ စုစုပေါင်းအင်အား(၄၀၀၀) ဝန်းကျင်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့ မနက်ပိုင်းက တောင်းဆိုဆန္ဒ ပြခဲ့ကြ ပါတယ်။
ပန်းတနော်၊ ညောင်တုန်းနဲ့ ဓနုဖြူမြို့နယ်တွေမှာ လုပ်ငန်းရှင်တွေ
သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့နဲ့ ဖမ်းဆီးခံထားရတဲ့
အင်းလုပ်သားတွေ ပြန်လွှတ်ပေးဖို့အတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်
ဦးဆောင်တဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်နဲ့ အဲဒီ မြို့နယ်တွေက
တောင်သူလယ်သမားတွေ ၊ ရေလုပ်သား သမဂ္ဂ အဖွဲ့ဝင်တွေဟာ ပန်းတနော်မြို့နယ်
အားကစားကွင်းကနေ မြို့နယ်တရားရုံးရှေ့အထိ စုဝေး လမ်းလျှောက်
ဆန္ဒပြခဲ့ကြတာပါ။
မတရားသိမ်းဆည်း ခံခဲ့ရတဲ့လယ်ယာမြေတွေကို ဥပဒေကြောင်းအရ ပြန်လည် ရရှိလိုတာကြောင့် ဆန္ဒပြရ တာဖြစ်ကြောင်း လယ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
" လယ်ယာမြေတွေကို မှတ်ပုံပြန်တင်ရတော့မယ်၊ လောလောဆယ်ကုမ္ပဏီတွေကနေပြီးတော့ သူတို့နာမည်နဲ့ မတရား လုပ်ထားတဲ့အတွက်ကြောင့် လယ်ယာရှင်တွေအတွက် စားရမဲ့သောက်ရမဲ့ အခြေအနေကို ရောက်နေတယ်"
ဆန္ဒပြ ရေလုပ်သားတစ်ဦးကလည်း ဥပဒေ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံထားရတဲ့ ရေလုပ်သား တွေကို ပြန်လွှတ်ပေးရေးအတွက် တောင်းဆို ဆန္ဒပြရတာပါလို့ ပြောပါတယ်။
" မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနကနေ ပြဠာန်းထားတဲ့ အခွန်လွတ်ကရိယာ ၁၆ မျိုးနဲ့ ရှာဖွေတဲ့ ဆင်းရဲနွမ်းပါးတဲ့ရေလုပ်သားတွေကို မတရားဖမ်းဆီးထားတဲ့သူတွေလက်ရှိအချိန်ထိရှိနေပါတယ်၊ ဒါကြောင့် မတရားဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဥပဒေနဲ့အညီ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့အတွက်ပါ"
ဒါ့အပြင် ရေတံခါးတွေကို စနစ်တကျ ပြုလုပ်ပေးရေး၊ (၂၀၁၃ ) ခုနှစ်မှာ လူကြောင့်ဖြစ်ရတဲ့ ရေဘေး မျိုး ထပ်မံ မပေါ်ပေါက်ရေး၊ အင်းလုပ်ငန်းတွေကို ရေလုပ်သားများ စနစ်တကျ လုပ်ကိုင်ခွင့် ရရှိစေရေး စတဲ့ အချက်တွေ လည်းပါဝင်တယ်လို့ သိရပါတယ်။
မနေ့က ဆန္ဒပြပွဲဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးအကြိမ် လူဦးရေအများဆုံးဆန္ဒပြပွဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တရားဝင်ခွင့်ပြုမိန့်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ ပန်းတနော်မြို့နယ် အားကစားကွင်းမှာ ဟောပြောနေစဉ်အတွင်း အာဏာပိုင်တွေ ရောက်ရှိလာပြီး တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Credit to RFA

0 comments:
Post a Comment