ယမန်နှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေပါ ပြင်ဆင်သင့်သည့် အချက်များနှင့် လုပ်ခလစာ ပြဋ္ဌာန်းပေးရေး အပါအ၀င် အလုပ်သမား လူတန်းစားများ ရရှိသင့်သည့် အခွင့်အရေးများအား သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများနှင့် နိုင်ငံတော်သမ္မတထံ တင်ပြပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဋ္ဌာနမှ ဒေါက်တာမင်းဇော်ဦးက ပြောသည်။ အဆိုပါ ပြောကြားချက်များအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဋ္ဌာနတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အောက်ခြေအလုပ်သမားထုအတွင်း ဖြစ်ပွားနေသည့် ပြဿနာများအား နိုင်ငံတော်သမ္မတထံ တိကျစွာ တင်ပြနိုင်ရန် အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမားများအား ပံ့ပိုးကူညီနေသည့် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် စသည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတင် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အရာအားလုံးကို ပါဝင်ဆောင်ရွက်ပေးရပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း တောင်သူလယ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ပြီး အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို သမ္မတကြီးဆီ တင်ပြခဲ့သလို အလုပ်သမားတွေ လက်ရှိကြုံနေရတဲ့ ပြသနာတွေကိုလည်း သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနတွေနဲ့ နိုင်ငံတော် သမ္မတဆီ တင်ပြပေးပါမယ်" ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားခဲ့ပါသည်။ အလုပ်သမားများ အနေဖြင့် လက်ရှိကာလတွင် ခေတ်ကာလနှင့် လျော်ညီသည့် လုပ်ခလစာ ပြဋ္ဌာန်းပေးရေးကိုလည်း အမြန်ဆုံးထွက်ပေါ်နိုင်ရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား မ၀င်ရောက်လာခင် ကိုယ့်ပြည်သူလည်ပင်း ကိုယ်ညှစ်နေတဲ့ ဥပဒေတွေ ပြင်ရမယ်။ မြန်မာနိုင်ငံတွင်းမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားတွေ အနေနဲ့လည်း ဘယ်နေရာမှာပဲလုပ်လုပ် အထည်ချုပ် လုပ်သားဆိုရင် မြို့နယ်၊ တိုင်းကိုယ်စားပြုတဲ့ အလုပ်သမား သမဂ္ဂတွေက ကိုယ်တိုင်သတ်မှတ်ထားတဲ့ လစာရရမယ် ဆိုတာမျိုး ဖြစ်ရမယ်၊ သမဂ္ဂ မဖွဲ့နိုင်ဖို့ ချုပ်ထားတဲ့ ဥပဒေတွေလည်း ပြင်ပေးဖို့လိုတယ်" ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။ အလုပ်သမား အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းခွင်အတွင်း လူမှုဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဓာတုပစ္စည်း ကိုင်တွယ်အသုံးပြုရသည့် စက်ရုံများတွင် ရောဂါသင့်မှု များပြားသဖြင့် ထိရောက်သည့် ကျန်းမာရေး စစ်ဆေးမှု၊ ရောဂါပျောက်ကင်းရန် ကုသရမည့်ကာလ စသည့်အချက်များအား ထည့်သွင်းစဉ်းစားပေးရန် တင်ပြခဲ့သည်။ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် သမဂ္ဂဖွဲ့သူ၊ ဦးဆောင်သူ၊ သမဂ္ဂဖွဲ့ရာတွင် ပါဝင်သူများအား ခွဲခြားဆက်ဆံမှု မပြုရန်နှင့် အလုပ်မှ ထုတ်ပယ်ခြင်း မပြုရန် တားမြစ်ချက်များ ရှိနေသော်လည်း သတ်မှတ်ထားသည့် ပြစ်ဒဏ်မှာ နည်းပါးလွန်းသဖြင့် အလုပ်ရှင်မှ အလုပ်ထုတ်ပယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း စသည့်ဖြစ်ရပ်များအား တွေ့ကြုံနေရကြောင်းလည်း သမဂ္ဂဖွဲ့သဖြင့် အလုပ်ထုတ်ပယ်ခံရသူ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံမှ ခေါင်းဆောင်တစ်ဦးက ပြောပါသည်။ "အလုပ်သမားအဖွဲ့အစည်း ဥပဒေမှာ အလုပ်ရှင်အတွက် ပါဝင်နေတဲ့ ပြစ်ဒဏ်က အရမ်းနည်းပါတယ်။ အရင်ဥပဒေတွေမှာ ထောင်ဒဏ်အထိ ပါတယ်။ အခု ဥပဒေမှာက ငွေဒဏ်ပဲပါတယ်။ အလုပ်ရှင်အတွက် ထိခိုက်မဲ့ ပြစ်ဒဏ်မျိုး ဖြစ်သင့်တယ်" ဟု အလုပ်သမား သမဂ္ဂခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမျိုးမင်းသိန်းက ပြောသည်။ ယင်းအပြင် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွင် သတ်မှတ်ထားသော အလုပ်ရှင် ဥပဒေဆိုသည်မှာ ၀န်ထမ်းများအတွက် နားလည်ရခက်ခဲနေသည့် အပြင် ၀န်ထမ်းကျင့်ဝတ်ပါ အချက်များမှာလည်း အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့် ကွဲလွဲမှု ရှိနေသဖြင့် ကိုက်ညီအောင် ပြုပြင်ပေးရန် လိုအပ်ကြောင်းလည်း တက္ကသိုလ်ဆရာ/ဆရာမများ အသင်းကိုယ်စားပြု တက်ရောက်လာသူတစ်ဦးက ပြောကြားခဲ့သည်။ အလုပ်သမား အဖွဲ့အစည်း ဥပဒေပါ အချက်များအား မျက်ကွယ်ပြု၍ မြို့နယ်မှတ်ပုံတင် အရာရှိမှ ယင်း၏အာဘော်နှင့် ဥပဒေတွင် ဖော်ပြမထားသည့် အချက်များအား လုပ်ကိုင်ရန် ခိုင်းစေခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေးစားလိုက်နာပါမည်ဆိုသည့် ၀န်ခံချက်များ ထိုးခိုင်းခြင်း၊ အထက်မြန်မာပြည် ဒေသအချို့တွင် အလုပ်သမားသမဂ္ဂဆိုသော အသုံးအနှုန်းအား သုံးစွဲခွင့် မပေးခြင်း စသည့် ဥပဒေထက် ကျော်လွန်၍ ခိုင်းစေခြင်းများမှာလည်း ပြုပြင်သင့်သည့် အချက်များဖြစ်ကြောင်း တက်ရောက်လာသည့် သမဂ္ဂတာဝန်ရှိသူများမှ ဆွေးနွေးခဲ့ပါသည်။ ယင်းအပြင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုထားသော်လည်း အလုပ်သမားများအား ကိုယ်စားခွင့်ပြုမထားသဖြင့် လုပ်သားများ၏ ပူးပေါင်းပါဝင်ခွင့်၊ သမဂ္ဂမှ နစ်နာသူကိုယ်စား တရားစွဲဆိုခွင့် စသည့်အချက်များမှာ ပျောက်ဆုံးနေကြောင်းလည်း Purple Equity Law Firm မှ ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူက ပြောပါသည်။ "မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေထဲမှာ အလုပ်သမားတွေ ခွဲခြားခံရတာ၊ အလုပ်ထုတ်ခံရတာကို ပြန်ကြည့်ရင် အလုပ်သမား အခွင့်အရေး ဥပဒေအသစ်ကို မပြဋ္ဌာန်းနိုင်သေးပဲနဲ့ အဟောင်းကို ဖျက်လိုက်တာပါပဲ။ ကျွန်တော်တို့ရဲ့ လွှတ်တော်အမတ်တွေက ဥပဒေအသစ် မပြဋ္ဌာန်းနိုင်ပဲနဲ့ ဥပဒေအဟောင်းကို ဘာလို့ ဖျက်သိမ်းခဲ့တာလည်း" ဟု ကိုဖိုးဖြူက ပြောသည်။ ယင်းအပြင် အလုပ်သမား ပြဿနာများ ဖြေရှင်းရမည့် မြို့နယ်အဆင့်မှသည် ခုံသမာဓိအဆင့်အထိ အလုပ်သမားများ နစ်နာမှုနှင့် ကာလကြာမြင့်စွာ ပြဿနာဖြစ်ပေါ်မှု မရှိစေရန် စစ်ဆေးကြားနာသည့် ခုံသမာဓိ လုပ်ထုံးလုပ်နည်း ဥပဒေများ ပြဋ္ဌာန်းပေးရန်နှင့် စစ်ဆေးကြားနာမှုများအား ပြည်သူသိရှိစေရန် ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ကိုဖိုးဖြူက ပြောသည်။ ယမန်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ လုပ်သားများအနေဖြင့် လုပ်သားအခွင့်အရေး ဆုံးရှုံးမှု၊ အမည်ခံ အလုပ်ရှင်မှ ဖိနှိပ်မှု၊ လစာနည်းပါးမှု၊ အလုပ်ချိန် များပြားမှု၊ စသည့်အချက်များကြောင့် နိုင်ငံတ၀န်းရှိ စက်ရုံအလုပ်ရုံများတွင် ဆန္ဒဖော်ထုတ်မှုများ၊ လယ်သမား ဆန္ဒဖော်ထုတ်မှုများနှင့် အခြားသော ဆန္ဒဖော်ထုတ်မှုပေါင်း ၂၀၀ ၀န်းကျင်ခန့် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ Credit to EMG
0 comments:
Post a Comment