Saturday, April 27, 2013

အထည်ချုပ်လုပ်ငန်းမှ ဂျပန်ဈေးကွက်ကို အများဆုံး တင်ပို့နေရဆဲဖြစ်

 မြန်မာ့ အထည်ချုပ်လုပ်ငန်းများ၏ အဓိက ဈေးကွက်မှာ ဂျပန်နိုင်ငံ ဖြစ်နေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။

“လက်ရှိ အထည်ချုပ်စက်ရုံတွေရဲ့ အမှာစာ အများဆုံး လက်ခံရရှိမှုက ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

အမေရိကန်ကုမ္ပဏီများ ဝင်ရောက်လာသည် ဆိုသော်လည်း လေးခုခန့်သာ ရှိနေသေးကြောင်း “အခုအချိန်မှာ အခြားနိုင်ငံတွေက အလာနည်းနေသေးတော့ ဈေးကွက်ရနိုင်မယ့် နိုင်ငံကို အရင်ရှာရတဲ့ သဘောပါ။ ကိုယ်က
ဈေးကွက်ဝေစု လိုချင်တော့ အရင်လည်း ဆက်ဆံရင်းစွဲရှိပြီး လာနိုင်မယ့် ဂျပန်ဈေးကွက်ကိုပဲ ရှာရတာမျိုးပါ” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် အမေရိကန်နှင့် ဂျပန်ကုမ္ပဏီများ ယှဉ်လျှင် အရည်အသွေးနှင့် ပေးသည့် လက်ခလည်း ကွာခြားသည်။

“အမေရိကန် ကုမ္ပဏီတွေက ဂျပန်ကုမ္ပဏီတွေလောက် အရည်အသွေးလည်း မလိုဘူး။ အမေရိကန်က တထည်
ကို ပေးတဲ့ ချုပ်ထည် လက်ခထက် ဂျပန်က ပေးတဲ့ ချုပ်ထည်လက်ခက အနည်းဆုံး နှစ်ဆကျော် ရပါတယ်။ ဂျပန်က အရည်အသွေးပိုင်းကို တောင်းဆိုမှု များတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တခုမှ မန်နေဂျာ ဦးသန့်ဇော် က ပြောသည်။

မြန်မာမှ ဂျပန်ဈေးကွက်သို့ အထည်ချုပ်လုပ် တင်ပို့မှုမှ ရရှိဝင်ငွေများမှာ ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၄.၇၈ သန်း၊ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၇၉.၈၅ သန်းနှင့် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၁၂၁.၆၃ သန်း  ဖြစ်ကြောင်း သိရသည်။
Credit to မဇ္ဈိမ

0 comments:

Post a Comment