Tuesday, June 18, 2013

အနိမ့်ဆုံးအခကြေးငွေ နည်းဥပဒေတွင် လုပ်ခနှုန်းထား သတ်မှတ်ချက်မပါဟုဆို

ရန်ကုန်-အလုပ်သမားများမျှော်လင့်နေသည့် အနိမ့်ဆုံးအခကြေးငွေ နည်းဥပဒေကို ဇွန်လအတွင်း ထုတ်ပြန်မည်ဖြစ်သော်လည်း အနိမ့် ဆုံးလစာနှုန်းထား သတ်မှတ်ချက်ပါဝင်မည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောကြားသည်။

“၀န်ကြီးဌာနအနေနဲ့တော့ အနည်းဆုံးလုပ်ခကို ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ပေးမှာ မဟုတ်ဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ပြည်နယ်တစ်ခုနှင့်တစ်ခု၊ လုပ်ငန်းကဏ္ဍတစ်ခုနှင့်တစ်ခုတွင် အလုပ်သမားများအတွက် လုပ်အားပေးဆပ်ရမှုပမာဏချင်း မတူညီသဖြင့် ၀န်ကြီးဌာနက တစ်ပြေးညီသတ်မှတ်ပေးရန် မဖြစ်နိုင်ကြောင်း ဦးယုလွင်အောင်က ရှင်းပြသည်။

အနည်းဆုံးလုပ်ခလစာငွေကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းရှင်၊ အလုပ်သမားသမဂ္ဂများနှင့် အစိုးရအဖွဲ့အစည်းများက ညှိနှိုင်းပြီး ဗဟိုကော်မတီက ဆုံးဖြတ်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“၀န်ကြီးဌာနအနေနဲ့ကတော့ ဆွေးနွေးလို့ရတာကို အမိန့်ထုတ်ပေးရုံပဲလုပ်မှာ”ဟု ဦးယုလွင်အောင်က ဆက်လက်ပြောကြားသည်။

အနိမ့်ဆုံးလုပ်ခလစာကို အရှင်ထားထားခြင်းမှာ လုပ်ခလစာများလွန်းပါက လုပ်ငန်းရှင်များ စက်ရုံပိတ်သွားရမည်မျိုး ဖြစ်လာမည်ကို စိုးရိမ်၍ဖြစ်နိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“စက်မှုဇုန်လုပ်သားများက ယင်းနည်းဥပဒေလုပ်ခလစာနှုန်းထား သတ်မှတ်ချက်ပါဝင်မည်ဆိုသည့်အတွက် စောင့်မျှော်နေကြခြင်းဖြစ်သည်။

ယခုမိုးရာသီဝင်ရောက်လာသဖြင့် စက်မှုဇုန်များတွင် လျှပ်စစ်မီးပိုရလာ၍ လုပ်ခလစာ တိုးမြှင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးမြတ်သင်းအောင်က ရှင်းပြသည်။

“ဒါတွေက ဥပဒေထဲကအတိုင်း အကောင်အထည်ဖော်တာပဲ။ အလုပ်သမားစားဝတ်နေရေး အခက်အခဲဖြစ်လို့ လုပ်ခလစာကိစ္စကို ကြားဖြတ်ယာယီ ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုနေရတာ”ဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးကဆိုသည်။

အနိမ့်ဆုံးအခကြေးငွေ ဥပဒေကို လွှတ်တော်က မတ်လ ၂၂ ရက်က ပြဋ္ဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရက်ပေါင်း ၉၀ အတွင်း
နည်းဥပဒေကို ပြဋ္ဌာန်းရမည်ဖြစ်သည်။

Credit 7 Day News Journal 

0 comments:

Post a Comment