Friday, June 14, 2013

အထည်ချုပ်စက်ရုံ အလုပ်သမတစ်ဦး ဘုရင့်နောင်တံတားပေါ်မှ ခုန်ချ

အထည်ချုပ်စက်ရုံ အလုပ်သမတစ်ဦး ဘုရင့်နောင်တံတားပေါ်မှ လှိုင်မြစ်အတွင်းသို့ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်မှုတစ်ခု ဇွန် ၁၁ ရက် မွန်းလွဲ ၅ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သူမသည် ဟင်္သာတမြို့နယ်မှ ရန်ကုန်သို့တက်ရောက်ကာ အလုပ်လုပ်နေသူဖြစ်ပြီး လှိုင်သာယာမြို့နယ်တွင်
နေထိုင်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါအမျိုးသမီးသည် အသက် ၂ဝ အရွယ်ရှိပြီး မိမိကိုယ်ကို အဆုံးစီရင်သည့် အကြောင်းအရင်းမှာ တင်ရှိနေသော အကြွေး ၁ဝ သိန်းကို ပြန်ဆပ်ရေးအတွက် စိတ်ညစ်နေသဖြင့်ဖြစ်ကြောင်း ရဲက ထုတ်ပြန် သည်။

သူမ ဘုရင့်နောင်တံတား၏ တိုင်အမှတ် (၄) နှင့် (၅) ကြားမှ တစ်ဆင့် လှိုင်မြစ်ထဲသို့ ခုန်ချလိုက်သည်ကို တံတားစီမံကိန်း ဆောက်ရွက်နေသည့် အစိုးရသင်္ဘောပေါ်မှ စက်မောင်း ဦးချမ်းမြေ့သော်က တွေ့မြင်သွားပြီး ကယ်ဆယ်လိုက်သဖြင့် အသတ်မသေခဲ့ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါ ဘုရင့်နောင်တံတားနှင့်အပြိုင် တံတားဖြစ်သော အောင်ဇေယျကြိုးတံတားတွင်လည်း လွန်ခဲ့သော
နှစ်များအတွင်း တံတားပေါ်မှ ခုန်ချပြီး သက်သေမှုများသည် နှစ်ခုထက်မနည်း ဖြစ်ပွားခဲ့ဖူးသည်။

ရန်ကုန်တိုင်းအတွင်းတွင် လေးလအတွင်း မိမိကိုယ်ကို သက်သေမှုများသည် နှစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့်
ဖြစ်ပွားလာကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ပေးသော သေမှုသေခင်း အချက်အလက်များအရ
လေ့လာသိရှိရသည်။

ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော မိမိကိုယ်ကို သက်သေမှုများသည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလ ၁၆ ရက်အထိ ရက်ပေါင်း ၁၃ဝ ကျော်ကာလအတွင်း အမှုအခင်းပေါင်း ၈ဝ ကျော်အထိ ဖြစ်ပွားထားကြောင်း ရဲဌာနသို့ မဇ္ဈိမက မေးမြန်းရရှိထား သောအချက်အလက်များအရ သိရသည်။
Credit - mizzimaburmese.com

0 comments:

Post a Comment