ရန်ကုန် (မဇ္ဈိမ)။ ။ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ လယ်ယာမြေများကို
လျော်ကြေးငွေ လာရောက် ထုတ်ယူရန် မကြာခဏ ဖိအားပေး ပြောဆိုလျက်ရှိကြောင်း လယ်သမားများနှင့် အမျိုးသမီးဒီမိုကရေစီ ကွန်ယက်က ဆိုသည်။
“လယ်တွေထွန်နေတဲ့ အချိန်မှာ အနားကိုလာ ပြီးလျော်ကြေးယူဖို့ ပြောနေကြတယ်။ အုပ်ချုပ်ရေးပိုင်းက လူတွေပါပဲ။ အရပ်ဝတ်တွေနဲ့ လာတယ်” ဟု အမျိုးသမီးကွန်ယက်မှ ဒေါ်နော်အုန်းလှ က မဇ္ဈိမကို ပြောသည်။
လျော်ကြေးငွေယူရ ရန်ပြောဆိုနေခြင်းမှာ လယ်ထွန်ချိန်၊ မြေပြုပြင်ချိန်များတွင် လာရောက် ပြောဆိုခြင်းအပြင်
ခြိမ်းခြောက်မှုများလည်းရှိကြောင်း ဆည်တဲကျေးရွာမှ ဒေသခံ တောင်သူတဦး က ဆိုသည်။
“လယ်ထွန်တာလည်း ဥပဒေနဲ့အညီလုပ်ရမယ်၊ ဆက်ပြီးလယ်ထွန်နေရင် ဥပဒေအတိုင်း သူတို့ဘက်ကတော့ ဆက်လုပ်သွားမယ်လို့ အရပ်အဝတ်အစားနဲ့လူတွေ လာပြောတယ် ” ဟု ၎င်းက ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်သည့် ကိုမင်းမင်းကလည်း တောင်သူအများအပြားမှာ ကိုယ်တိုင်မသိလိုက်ဘဲ ၎င်းတို့၏ လယ်ယာမြေများကို သိမ်းယူသွားခြင်းကြောင့် ၎င်းအတွက် လျော်ကြေးငွေဖြင့်သာ နှစ်သိမ့်ပေးမည်ဆိုပါက ဘက်လိုက်ခြင်းဟု ထင်မြင်ရကြောင်း ဆိုသည်။
လယ်ယာလျော်ကြေးငွေယူ ခြင်းဖြင့် မိမိတို့၏ ရင်းနှီးကျွမ်းကျင်သော အလုပ်ကို လက်လွှတ်လိုက် သကဲ့သို့ အလုပ်မရှိ ဖြစ်သွားမည်၍ လျော်ကြေး မယူခဲ့ခြင်းဖြစ်ကြောင်း မိုးကြိုးပြင်ရွာမှ တောင်သူတဦးက ဆိုသည်။
“လျော်ကြေးမယူရင် ကိုယ့်ယာ ကိုယ့်လယ်ပဲ ဆိုပြီးပြောထားပေမယ့် အခုတော့ လယ်ထွန်နေရင် လာပြီး လျော်ကြေး ယူဖို့စကား စတာပဲ။ ဆက်ထွန်ရင် ဥပဒေအရ လုပ်မယ်ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။
လျော်ကြေးငွေရယူရန် တိုက်တွန်း ပြောဆိုသူများမှာ အုပ်ချုပ်ရေးမှူးများလည်း ပါဝင်ကာ ဒေသခံ ရဲများလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ လယ်သမားများ၏ပြောဆိုမှုနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
ဝမ်ပေါင်ကုမ္ပဏီမှ ၁ ဧကလျှင် လျော်ကြေးငွေ ကျပ် ၁၀ သိန်း ယူပြီး ယခုနှစ်တွင် လယ်ယာများ ထွန်ယက်နိုင်
ကြောင်းနှင့် ရရှိသော လျော်ကြေးငွေကို မည်သို့အသုံးချရမည်ကိုပါ ပြောကြားကြောင်း ဒေသခံများက ပြောဆိုသည်။
Credit Mizzima

0 comments:
Post a Comment