Monday, July 29, 2013

ထားဝယ် အထူးစီးပွါးရေးဇုန် ၇၅ နှစ်စီမံကိန်း အဆင့်ဆင့် ထုတ်ပြန်ကြေညာ

တနင်္သာရီတိုင်းတွင် တည်ဆောက်မည့် ထားဝယ် အထူး စီးပွါးရေးဇုံ (SEZ) အတွက် ၇၅ နှစ် စီမံကိန်းကို မြန်မာနိုင်ငံက ရေးဆွဲထုတ်ပြန်လိုက်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ စီမံကိန်းအရ မဟာဗျူဟာ လက်တွဲဖက် နိုင်ငံများအဖြစ် ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံနှင့်ပါ ဆောင်ရွက်မည်ဖြစ်ပြီး အထူးစီးပွါးရေးဇုန် အကောင်အထည်ဖော်ရေးအတွက် တည်ဆောက် လုပ်ကိုင်မည့်သူများနှင့် နိုင်ငံတကာ တင်ဒါများကို ကြေငြာခေါ်ယူ သွားမည် ဖြစ်သည်။

စီမံကိန်းအရ ကာလအသီသီး ကြာမြင့်မည့် အဆင့် ၅ ဆင့် ခွဲခြားဆောင်ရွက် အကောင်အထည် ဖော်မည်ဖြစ်ပြီး စုစုပေါင်း မြေအကျယ်အဝန်း ၄၄,၈၅၀ ဧက (၁၈,၁၆၄ ဟက်တာ) တွင် တည်ဆောက်သွားမည် ဖြစ်သည်ဟု ထားဝယ် စီးပွါးရေးဇုန် အကောင်အထည်ဖော်ရေး ဗဟို လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအေးမြင့် က ပြောသည်။

အသစ် ခန့်အပ်လိုက်သော အလုပ်သမား၊ လူမှုဖူလုံရေး နှင့် အလုပ်အကိုင်ရရှိရေး ဝန်ကြီးလည်း ဖြစ်သည့် ဦးအေးမြင့်က ပြောကြားရာတွင် ယခုစီမံကိန်းသည် ပတ်ဝန်းကျင်နှင့် လူမှုရေးအရ ထိခိုက်မှုရှိမည့် မည်သည့် လုပ်ငန်းကိုမျှ တည်ဆောက်ခွင့်ပြုမည် မဟုတ်သည့် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်မည့် စီမံကိန်း ဖြစ်သည်ဟု ဆိုသည်။

ပထမ အဆင့်အနေဖြင့် အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း (SME)များ ဖြစ်ကြသည့် အထည်ချုပ် စက်ရုံ၊ သားရေထည် ပစ္စည်းစက်ရုံ၊ အစားအစာ၊ ရာဘာ၊ စက်မှုအခြေခံ လယ်ယာ ထွက်ကုန်များ၊ ပရိဘောဂ စက်ရုံ စသည်တို့ကို ၂,၅၀၀ ဧက အကျယ်အဝန်းရှိ မြေပေါ်တွင် ငါးနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်သည်။

ဒုတိယ အဆင့်မှာလည်း ငါးနှစ်ပင် ကြာမြင့်မည်ဖြစ်ပြီး ဧက ၂,၀၀၀ ရှိမြေပေါ်တွင် သံမဏိ၊ မြေသြဇာ၊ ရေနံချက် စက်ရုံနှင့် မော်တော်ကား စက်ရုံများ တည်ဆောက်သွားမည် ဖြစ်သည်။

တတိယ အဆင့်မှာမူ ၁၀ နှစ်ကြာမြင့်မည်ဖြစ်ပြီး ပလပ်စတစ်စက်ရုံ၊ ဓါတုဗေဒစက်ရုံ၊ ရေနံစိမ်းချက်စက်ရုံတို့ ပါဝင်မည် ဖြစ်သည်။ စတုတ္ထ အဆင့်နှင့် ပဉ္စမအဆင့်တို့တွင်မူ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ၊ ဈေးကွက်ရှာဖွေရေး ကုမ္ပဏီများ ပါဝင်မည် ဖြစ်သည်။

အဆိုပါ ထားဝယ် အထူးစီးပွါးရေးဇုန် စီမံကိန်းတွင် အခြေခံအဆောက်အဦ စီမံကိန်းများ ဖြစ်ကြသည့် ရေနက်ဆိပ်ကမ်း၊ မြန်မာ-ထိုင်း အဝေးပြေး လမ်းမ၊ ဓါတ်အားပေး စက်ရုံများ၊ ရေကာတာတို့အပြင် လူနေအိမ်ခန်း စီမံကိန်းများလည်း ပါဝင်မည် ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ စက်မှုဇုန်၊ ထိုင်းနှင့် တနင်္သာရီတိုင်း တို့ကိုဆက်သွယ်ပေးမည့် ရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ရေးတို့အတွက် မူဘောင် သဘောတူညီချက် စာချုပ်ကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနှင့် ထိုင်းနိုင်ငံတို့ ကနဦးအဆင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ထို့နောက် ထားဝယ် အထူးစီးပွါးရေးဇုန် အလုံးစုံ ဖွံ့ဖြိုးရေးနှင့် ယင်းနှင့် ဆက်နွယ်နေသော လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံ ပူးတွဲ ကော်မတီတခုကို ဒု-သမ္မတ ဦးဉာဏ်ထွန်း၏ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဖွဲ့စည်းခဲ့သည်။

ယခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် ပူးတွဲကော်မတီ အစည်းအဝေး တက်ရောက်ရန် အသွားတွင် ဦးဉာဏ်ထွန်း က ထားဝယ် အထူးစီးပွါးရေးဇုန် စီမံကိန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် တိုက်တွန်း တောင်းဆိုခဲ့သည်။

ထို့ပြင် စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူများ အားလုံး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အဆင့်မြင့် နည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြုလုပ်ကိုင်သူများကိုသာ ရွေးချယ် ဆောင်ရွက်စေရန်လည်း ဦးဉာဏ်ထွန်း က တိုက်တွန်းသွားသည်။

ထိုအစည်းအဝေးသို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ကစ်တီရတ် နာရာနောင်း (Kittiratt Na-Ranong) လည်း တက်ရောက်ခဲ့ပြီး ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့် ပထမ ငါးနှစ် ဖွံ့ဖြိုးရေးစီမံကိန်း မူဘောင်အပေါ် သဘောတူညီခဲ့သည်။

အဆိုပါ ဖွံ့ဖြိုးရေး စီမံကိန်းအတွင်း အခြေခံအဆောက်အဦ စီမံကိန်းများဖြစ်သည့် ထားဝယ် စီမံကိန်းရှိရာ ဒေသနှင့် ထိုင်းနိုင်ငံ နယ်စပ်ပြည်နယ် ကန်ချနပူရီကို ဆက်သွယ်မည့် လမ်းများ ဖောက်လုပ်ခြင်း၊ အသေးစား ဆိပ်ကမ်းတခု တည်ဆောက်ခြင်း၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း၊ ရေလှောင်ကန်၊ မြေယာပြုပြင်ခြင်းနှင့် စက်မှုဆိုင်ရာ အဆောက်အဦများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ထို အခြေခံ အဆောက်အဦ စီမံကိန်းတခုထဲပင်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ ဘီလီယံ အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း ထိုင်းဘက်က ပြောသည်။ သို့ရာတွင် ပထမ ငါးနှစ် စီမံကိန်းအတွင်း တည်ဆောက်မည့် အခြေခံအဆောက်အဦ စီမံကိန်းမှာမူ အမေရိကန်ဒေါ်လာ ၉၇၆ သန်းသာ ကုန်ကျမည် ဖြစ်သည်။

အဆိုပါ အစည်းအဝေးအတွင်း သဘောတူညီချက်အရ ထားဝယ် အထူးစီးပွါးရေးဇုန် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံငွေအပေါ်လည်း သဘောတူညီချက် ရရှိခဲ့သည်။ အတိုင်ပင်ခံ ကုမ္ပဏီများ ခေါ်ယူရေး၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ကြား ရွေးချယ်ခြင်း၊ နှစ်နိုင်ငံလုံးက ရှယ်ယာ အညီအမျှ ပါဝင်ရေးတို့ကို သဘောတူညီခဲ့ကြသည်။ ကနဦး ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၃၉၀,၀၀၀ ထည့်ဝင်မည် ဖြစ်ပြီး ထိုငွေတို့ကို မြန်မာဘက်မှ နိုင်ငံခြား စီးပွါးဆက်ဆံမှုဌာန (FEDA) နှင့် ထိုင်းဘက်မှ အိမ်နီးချင်း နိုင်ငံများ စီးပွါးဖွံ့ဖြိုး တိုးတက်ရေးဌာန (NEDA) တို့မှတဆင့် ထည့်ဝင် ဆောင်ရွက်မည် ဖြစ်သည်။ ယင်းငွေပမာဏမှာ ထိုင်းဘတ်ငွေ ၁၂ သန်းနှင့် ညီမျှသည်။

စီမံကိန်းအတွက် မဟာဗျူဟာ လက်တွဲဖော်အဖြစ် ဂျပန်နိုင်ငံကို ဖိတ်ခေါ်ခဲ့ပြီးနောက် မြန်မာ၊ ထိုင်း၊ ဂျပန်တို့ ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးကို နောက်ဆက်တွဲအနေနှင့် ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှ အထူးလုပ်ငန်းသုံး မော်တော်ယာဉ် (SPV) ထုတ်လုပ်ရေး လုပ်ငန်းကို တည်ထောင်ရန် အထူးအသားပေး ဆွေးနွေးခဲ့ကြသည်။

စီမံကိန်း အကောင်အထည်ဖော်ရေးကို တွန်းတင်နိုင်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ (Yingluck Shinawatra) သည် ထားဝယ်ဒေသသို့ ပထမဆုံး အကြိမ်အဖြစ် လာရောက် လည်ပတ်ခဲ့သည်။ စီမံကိန်းကို ထိထိရောက်ရောက် အကောင်အထည် ဖော်ရေးအတွက် မြန်မာနိုင်ငံနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း သူက ကတိပြုခဲ့သည်။

ထားဝယ်ဒေသသည် မဲခေါင်ဒေသကြီး တောင်ဘက်ခြမ်း စီးပွါးရေးစင်္ကြ အဖြစ် ပါဝင်မည် ဖြစ်သည်။
Credit Mizzima

0 comments:

Post a Comment