ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဇူလိုင် ၂၈ ရက်က နေ့ညမပြတ် မိုးသည်းထန်စွာ ရွာခဲ့သောကြောင့် နောင်ပါရင် ရပ်ကွက်မှ နေအိမ် ၂၀ ကျော် ပြောင်းရွှေ့ရန်ရှိပြီး လယ် ၁၁၁ ဧက ရေလွှမ်းမိုး နစ်မြုပ်ခဲ့ကာ လမ်းများလည်း ရေကျော် ပျက်စီးခဲ့ကြောင်း မိုင်းတုံမြို့မကွင်းစိုက် လယ်သမားများက ပြောကြားသည်။စိုက်ဧက ၂၃၆၁ ဧကရှိသည့်အနက် တောင်သူ ၈၃ ဦး စိုက်ပျိုးနေသည့် လယ်ဧက ၁၁၁ ဧက ရေလွှမ်းမိုးခံရပြီး တောင်ကျ ချောင်းဘေး ရှိ နောင်ပါရင်ရပ်ကွက်မှ နေအိမ် ၂၀ ကျော် ပြောင်းရွှေရဖွယ် ရှိကြောင်းနှင့် မိုင်းတုံ-တာဆန်းလမ်း ဝမ်မိုင် ရွာကူးလမ်း ပခုံးသား ရေကျော် ပျက်စီးလျက်ရှိကြောင်း ယင်းမြို့နယ် ဌာနဆိုင်ရာများထံမှ စုံစမ်းသိရှိရသည်။
“ဇူလိုင် ၂၈ ရက် မိုးရေချိန်က ၂ ဒသမ ၂၈ လက်မရှိတယ်။ ရေလွှမ်းမိုးလယ်က ဧက ၁၁၁ ဧက ရှိတယ်။ အခုလည်း ဆက်ရွာနေတာမို့ ဒီအတိုင်း မိုးဆက်ရွာရင်တော့ လယ်တွေရေထဲပါ ပျက်စီးနိုင်တယ်” ဟု မြို့နယ် မြေစာ ရင်းဦး စီးမှူးက ဆိုသည်။
မိုင်းတုံမြို့သို့ ဖြတ်စီးနေသည့် နမ့်တုံချောင်းနှင့် နားညုချောင်းတို့သည် တောင် ကျချောင်းများဖြစ်၍ မိုးဆက်တိုက် ရွာသွန်းလျှင် ရေစီးသန်ပြီး ဆိုင်ကယ်နှင့် လူများ မျောပါနိုင်ကာ ယမန်နှစ်ကလည်း ဆိုင်ကယ်နှစ်စီး ရေထဲမျောပါသွားခဲ့ ဖူးကြောင်း၊ ချောင်းဘေးအိမ်များ ချောင်းရေထဲပါခဲ့ကြောင်း ယင်းမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
စိုက်ပျိုးပြီးစ စပါးပင်များ ရေမြုပ်နေကာ ယခုနှုန်းအတိုင်း ဆက်ရွာလျှင် စပါးပင်များ ရေထဲမျောပါနိုင်သကဲ့သို့ ရေမြုပ်သည့်ရက် ကြာမြင့်ပါက စပါးပင်များ ပုပ်ကုန်နိုင်ကြောင်း မိုင်းတုံမြို့မစိုက်ကွင်း လယ်သမားတစ်ဦးဖြစ်သူ ဦးလုံးပြက ပြောကြားသည်။
လမ်းများ ရေကျော်နေပြီး လမ်းမြေသားများ ရေထဲမျောပါ ပျက်စီးနေမူကို အချိန်မီပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိုးရေတိုက်စားသဖြင့် တောင်ပြိုပိတ်ဆို့မှုများကို လမ်းပြင်စခန်း များက စောင့်ကြည့်၍ အမြန်ဖယ်ရှားနိုင်ရေး လုပ်ဆောင်နေကြောင်း ယင်းမြို့နယ် တာဝန်ကျလမ်း အင်ဂျင်နီယာ ဦးသံချောင်းက ပြောကြားသည်။
ချောင်းရေကို လမ်းလွှဲရန် လုပ်ဆောင်နေပြီး မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် အချိန်မပြတ် စောင့်ကြည့်အဖွဲ့များဖြင့် တိုးလာသောရေကို တားဆီးရန်နှင့် အိမ်များပြောင်းရွှေ့ပေးရန် အသင့်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ထွန်း က ပြောကြား သည်။
ယခုအချိန်အတွင်း မြို့နယ်ပူးပေါင်း စစ်ဆေးရေးရုံး၊ မီးသတ်ဦးစီးဌာန၊ စီမံကိန်းရုံးများ ရေဝင်လွှမ်းမိုးမှုများ ရှိနေကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
Credit The Voice Weekly









0 comments:
Post a Comment