Monday, July 22, 2013

အချုပ်သားများကို ရိုက်နှက်သည်ဟုဆိုကာ ထောင် ဝန်ထမ်းများကို အမှုဖွင့်

ပိုင်နက် ကျူးလွန်မှု အပါအဝင် ပုဒ်မ လေးခုနှင့် တော်ဝင် သစ်အချောထည် စက်ရုံ၏ တရားစွဲဆိုခြင်း ကို ခံထားရသော စွပ်စွဲခံရသူ အလုပ်သမား အချုပ်သားများကို လည်ကတုံးအင်္ကျီ ဝတ်သည်ဟု ဆိုကာ ရိုက်နှက် ခြိမ်းခြောက်ခဲ့သည် ဆိုသည့် အင်းစိန်ထောင်မှ ထောင် အရာရှိ တစ်ဦး အပါအဝင် တပ်သား တစ်ဦးနှင့် အချုပ်သား တစ်ဦးကို ရိုက်နှက်ခံရသူများက အင်းစိန် မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရိုက်နှက်ခံရသူ ဦးသီဟကိုကိုနှင့် ဦးမောင်မောင်သက်တို့ နှစ်ဦးမှာ ၎င်းတို့နှင့် အတူ တရားစွဲဆိုခံထားရ သည့် စွပ်စွဲခံရသူ ခြောက်ဦးနှင့်အတူ ဇူလိုင်လ ၁၇ ရက်နေ့က ရွှေပြည်သာမြို့နယ် တရားရုံးတွင် ရုံးချိန်း ထွက်ဆိုခဲ့ကြောင်း၊ အဆိုပါ ရုံးချိန်းမှ အပြန် ညနေ ၄ နာရီခန့်တွင် အင်းစိန် ဗဟို အကျဉ်းထောင် သို့ ပြန်လည် ရောက်ရှိခဲ့စဉ် အချုပ်သား ရှာဖွေ စစ်ဆေးရေး ရုံးခန်းတွင် အကျဉ်းထောင် ဝန်ထမ်း တပ်သား အေးမင်းအောင်က ပါးရိုက်၊ ကန်ကျောက်၊ လည်ပင်းညှစ်ခဲ့ကြောင်း၊ အလားတူ ထောင်အရာရှိ တစ်ဦးနှင့် အဆောင် (၅) အခန်း (၁) မှ အမည်မသိ အချုပ်သား တစ်ဦးတို့က တိုက် ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် အင်းစိန် မြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမှုကို တိုင်ကြားခဲ့သူ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်းက အချုပ်သားများ ရိုက်နှက် ခံရပြီး နောက်နေ့ တစ်နေ့ဖြစ်သည့် ၁၈ ရက်နေ့ ရုံးချိန်းတွင် မျက်မြင် သက်သေဖြစ်သူ ဦးနေလင်းဦးက ယင်းအဖြစ်အပျက် ကို ပြန်လည် တိုင်ကြားလာသည့်အတွက် အဆိုပါ ည၌ပင် အင်းစိန် ရဲစခန်း သို့ သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ၁၉ ရက်နေ့တွင် မိမိ အပါအဝင် အင်းစိန်မြို့နယ် ရဲစခန်းက တာဝန်ရှိသူများက အင်းစိန် အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ပြစ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ၂၀ ရက်တွင် အင်းစိန် မြို့မ ရဲစခန်းမှ အမှုဖွင့်ပေးခဲ့ကြောင်း ပြောကြားသည်။

“တရားရုံးကို လည်ကတုံး ဝတ်သွားလို့ဆိုပြီး ရိုက်တယ်၊ ထောင်မှူးကို တိုင်တော့လဲ ခြိမ်းခြောက်ခံရ၊ သူတို့ အချုပ်ခန်းထဲက ထောင်သူကြီး ကလဲ ထောင်မှူး လေသံအတိုင်းပဲ ခြိမ်းခြောက်တယ်၊ ဥပဒေမှာ အချုပ် တရားခံ တစ်ဦးက လည်ကတုံး ဝတ်ပြီး ရုံးချိန်း မသွားရဘူးလို့ မပြဋ္ဌာန်းထား ဘူး။ စွပ်စွဲခံရသူ အဆင့်သာ ရှိသေးတဲ့ သူတွေကို ဒီလောက်တောင် နှိပ်စက် ညှဉ်းပန်းနေရင် ထောင်ကျနေတဲ့ သူတွေဆိုရင် ဘယ်လောက်ထိ လုပ်လိုက် မလဲ၊ အရင့်အရင် ထောင်ကျခဲ့ဖူးသူတွေကို အဲ့လို ညှဉ်းပန်း နှိပ်စက်မှုတွေ ပြု ခဲ့သလား ဆိုတာ ပေါ်ပေါက်စေဖို့နဲ့ ထောင်တွင်း လူ့အခွင့်အရေး ပေါ်ပေါက်ဖို့ အတွက် တရားစွဲဆိုခဲ့တာပါ။ အခုဖြစ်စဉ်မှာ ဥပဒေအရ ရိုက်နှက်ပိုင်ခွင့် မရှိသလို အဲလို ရိုက်နှက်မှု ပြုရင် အကျဉ်းထောင် အက်ဥပေဒ ၅၄ (၁) နဲ့ အရေးယူလို့ရပြီး ရာဇသတ်ကြီး ဥပဒေအရလဲ အရေးယူလို့ ရပါတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

စွပ်စွဲခံရသူ အချုပ်သား ၁၄ ဦးကို ၂၀၁၃ ခုနှစ် မေလတွင် ပိုင်နက် ကျူးလွန် မှု၊ နာကျင်စေမှု၊ အကျိုး ဖျက်ဆီးမှု၊ အားပေး ကူညီမှု တို့ဖြင့် တော်ဝင် သစ်အချောထည် စက်ရုံမှ တာဝန်ရှိသူများက အမှုဖွင့် အရေးယူ ထားခြင်းဖြစ်ကြောင်း ၎င်းတို့ထဲမှ အမျိုးသမီး ငါးဦးသည် ချုပ်နှောင်ခံ ရပြီး နှစ်ပတ်ခန့် အကြာတွင် အာမခံ ရရှိခဲ့ပြီး အင်းစိန် အကျဉ်းထောင်တွင် အာမခံ မရသေးသူ အမျိုးသား ကိုးဦး ကျန်ရှိသေးကြောင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ရွှေပြည်သာမြို့နယ် တာဝန်ခံ ဦးကျော်မင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်း၏ တိုင်ကြားမှုကို (ပ) ၇၉၀ /၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၂၅/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အင်းစိန် မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
Credit The Voice Weekly

0 comments:

Post a Comment