Wednesday, July 17, 2013

လယ်ယာမြေ မှတ်ပုံတင် အမြန်လုပ်ပေးဖို့ တိုင်းဝန်ကြီးချုပ်ပြော

ဧရာဝတီတိုင်းအတွင်းမှာ ဒေသခံတွေအတွက် လယ်ယာမြေ မှတ်ပုံတင်တွေ အမြန်လုပ်ပေးမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးသိန်းအောင်က တောင်သူတွေကို ကတိပေးလိုက်ပါတယ်။
ပုသိမ်မြို့ ကမ်းနားလမ်းမြို့တော်ခန်းမမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လယ်သမားတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ မနေ့ကနဲ့ ဒ်ီနေ့ နှစ်ရက်တာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
အခုလို ဆွေးနွေးပွဲဖြစ်မြောက်လာတာနဲ့ ပတ်သက်လို့ ကရုဏာ လူမှုရေးကူညီမှုအသင်းမှ ဦးအောင်အောင်က RFA ကို ခုလို ပြောပါတယ်။
"ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က တောင်သူလယ်သမားရေးရာ၊ ပညာရေးရေးရာ၊ ကျန်းမာရေးရေးရာတို့ကို ပြည်သူလူထုနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးတဲ့ပွဲပါ"
ဧရာဝတီတိုင်းအတွင်းက သစ်တောဧရိယာအတွင်းရှိနေတဲ့ အိမ်ခြေ ၅ဝ နဲ့အထက် အမည်မပေါက်သေးတဲ့ကျေးရွာတွေကို တရားဝင်ကျေးရွာတွေအဖြစ် သတ်မှတ်ပေးသွားမယ်လို့လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒ်ီနေ့ကတိပေးခဲ့ပါတယ်။
တိုင်းအစိုးရရဲ့ သစ်တောရေးရာဝန်ကြီး ဦးစိုးမြင့်ကလဲ အဲဒီလို တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် ဧရာဝတီတိုင်းအနေနဲ့ သစ်တောဧကပေါင်း ၂ သိန်းနီးပါးကို ပယ်ဖျက်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
"ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဆင်းရဲမှုလျော့ချရေးကို အခြေခံပြီးတော့ သစ်တောကြိုးဝိုင်းတွေအတွင်းမှာ နှစ်ကာလကြာရှည်စွာ ကျူးကျော်နေထိုင်တဲ့ ပြည်ထဲရေး အမည်မပေါက်တဲ့ကျေးရွာတွေကို တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ၅၆.၂ရာခိုင်နှုန်း ပယ်ဖျက်ပေးဖို့ရှီပါတယ်"
ဒီကနေ့ဆွေးနွေးပွဲကို အရပ်ဖက် လူ့အဖွဲ့အစည်း ၃ဝ ကျော်နဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပေမယ့်  တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးမူနည်းပါးတယ်လို့ သိရပါတယ်။
Credit RFA

0 comments:

Post a Comment