Friday, July 26, 2013

ရွှေကူ၌ လေးနှစ်ဆက်တိုက်မိုးခေါင်၍ လယ်သမားများ အခက်တွေ့

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ဒေသအချို့တွင် လေးနှစ် ဆက်တိုက်နီးပါး မိုးခေါင်၍ အခက်အခဲ များ ကြုံတွေ့နေရကြောင်း ယင်းဒေသများမှ လယ်စိုက်တောင်သူများက ပြောကြားသည်။

လယ်ပြင်ကြီးကွင်း၊ တုံးပုံကွင်း၊ ကျစ်ကွင်း အစရှိသော ဒေသများတွင် စပါးစိုက်ချိန်မတိုင်မီ မိုးကောင်းလေ့ရှိပြီး စပါးစိုက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လတို့ တွင် မိုးနည်းသဖြင့် ပျိုးပင်များ အသက်ကျော်ကာ နွားစာကျွေးရလေ့ ရှိကြောင်း၊ ပျိုးသက်ကျော်နေသည့် ပျိုးပင်များကို မိုးရေချိန်ရရှိ၍ စိုက်ပျိုးပါက စပါးအထွက် တစ်ဝက်လျော့ကျလေ့ ရှိကြောင်း လယ်ပြင်ကြီးမှ တောင်သူတစ်ဦးဖြစ်သူ ဦးဘရန်နန်က ဆိုသည်။

“မိရိုးဖလာလုပ်ငန်း ဖြစ်တာကြောင့်ရယ် ၊ မလုပ်ရင် လယ်ပျက်သွားမှာ စိုးတာကြောင့် လုပ်နေတာ။ အမြတ်အစွန်းမရှိဘူး” ဟု ၎င်းကဆိုသည်။

မိုးရေအချိန်မီ မရရှိသဖြင့် အချို့တောင်သူများမှာ ဒေသအခေါ် တစ်ပေါက်ကျင်းဟုခေါ်သည့် ရေတွင်းများတူးကာ ရေစက်ဖြင့် ရေတင်၍ စိုက်ပျိုးကြသော်လည်း ထွက်ရှိသည့် စပါးမှာရေစက်၊ စက်သုံးဆီ ကုန်ကျစရိတ်ကိုပင် ပြန်မရကြောင်း တုံးပုံကွင်းမှ တောင်သူတစ်ဦးက ပြောကြားသည်။

တစ်ပေါက်ကျင်း တစ်တွင်းလျှင် ကျပ်ခုနစ်သိန်းခန့် ကုန်ကျသဖြင့် စရိတ်မတတ်နိုင်သည့် တောင်သူများမှာ လယ်ယာလုပ်ငန်းကိုပင် မလုပ်ကိုင်ကြတော့ဘဲ ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေကြကြောင်း ၎င်းကဆိုသည်။

အဆိုပါဒေသများတွင် မိုးခေါင်နေသည်မှာ လေးနှစ်ခန့်ရှိပြီ ဖြစ်သော်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေနှင့် မည်သည့် စိုက်ပျိုးရေးနည်းပညာ အကူအညီ ပေးခြင်းမျိုးကိုမျှ မပြုလုပ်ခဲ့ဖူးကြောင်း ဒေသခံ တောင်သူ များက ပြောကြားသည်။

ယင်းဒေသတွင် လယ်စိုက်ဧက ၁၀၀၀ ကျော်ရှိကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ရွှေကူမြို့နယ်သည် ၂၀၁၂-၂၀၁၃ ခုနှစ်လယ်စိုက်ရာသီတွင် စိုက်ဧကပေါင်း ၂၉,၃၉၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဧကပေါင်း ၂၆,၃၈၆ ဧက ရိတ်သိမ်းနိုင်ခဲ့ကာ စပါးတင်းပေါင်း ၁,၆၅၄,၄၀၄ တင်း ထွက်ရှိခဲ့ကြောင်း အထွက်နှုန်းမှာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ၆၂ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းဇယားများအရ သိရှိရသည်။
Credit The Voice Weekly

0 comments:

Post a Comment