Monday, July 15, 2013

မြေယာကော်မတီ ၆၀ ရာခိုင်နှုန်း ဖြေရှင်းရန်ကျန်ရှိ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆၀ ဦးနှင့် ဖွဲ့စည်းထားသည့် လယ်ယာမြေ စုံစမ်းဖော်ထုတ်ရေး ကော်မတီသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် အုပ်ချုပ်ရေးအဖွဲ့များက ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှု တင်ပြချက်များ၏ ၄၀ ရာခိုင်နှုန်းသာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်ပြီး ၆၀ ရာခိုင်နှုန်း ဖြေရှင်းရန် ကျန်ရှိနေကြောင်း အဆိုပါ ကော်မတဝင်၊ ထန်းတပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက The Voice သို့ပြောကြားသည်။

တောင်ငူခရိုင် ရေတာရှည်မြို့နယ် အေးသာယာကျေးရွာ၌ လယ်ယာမြေ စုံစမ်းလေ့လာရေး ကော်မတီ အဖွဲ့ဝင်များနှင့် ဒေသခံ လယ်သမားများ တွေ့ဆုံရာတွင် ဦးစိန်ထွန်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး အသီးသီးရှိ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေ စုံစမ်းလေ့လာရေး ကော်မတီ အဖွဲ့ဝင်များက တစ်နှစ်တာ ကာလအတွင်း စုံစမ်းလေ့လာ ဖော်ထုတ်ရာတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ခရိုင်မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ကူညီဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ အားနည်းချက် အားသာချက်များကို ဇူလိုင်လ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကော်မတီအနေနှင့် ဇူလိုင်လ တတိယပတ်အတွင်း စီမံကိန်းများကြောင့် အသိမ်းခံရသည့် လယ်ယာမြေများကို လက်ရှိ ဒေသဆိုင်ရာ မြေယာပေါက်ဈေးအတိုင်း နစ်နာကြေး ပေးချေရန်နှင့် အဆိုပါ စီမံကိန်း တည်ဆောက်မှုများ ပြီးစီးပါက ပိုသောမြေယာများကို လက်ငုတ်လက်ရင်း လယ်ယာလုပ်ကိုင်သူများကို လုပ်ကိုင်ခွင့်ပေးရန် တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။

လယ်ယာမြေစုံစမ်း လေ့လာဖော်ထုတ်ရေး ကော်မတီကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွဋ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆၀ ဦးဖြင့် ဖွဲ့စည်းပြီး ယခုနှစ် သြဂုတ်လ ၁ ရက်နေ့ တွင် ကော်မတီ သက်တမ်း တစ်နှစ်ပြည့်မည် ဖြစ်ကြောင်း အဆိုပါကော်မတီ အဖွဲ့ဝင် ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားသည်။
Credit The Voice Weekly

0 comments:

Post a Comment