Wednesday, July 24, 2013

အလုပ်သမားမြို့တော်အသွင်ဆောင်မည့် လူမှုဖူလုံရေးအိမ်ရာစီမံကိန်း

လူမှုဖူလုံရေးအိမ်ရာ စီမံကိန်းအား အလုပ်သမားမြို့တော်အသွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပန်းခြံ၊ ကျောင်းနှင့် ဈေးများပါတည်ဆောက်ရမည်ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သိရှိရသည်။

 “ ဒီအိမ်ရာစီမံကိန်းကိုလုပ်မယ်ဆိုရင် အိမ်တစ်လုံးတည်း ဆောက်လို့မရပါဘူး။ လုပ်မယ်ဆိုရင်လည်း အလုပ်သမား မြို့တော် သဘောမျိုး လုပ်ရမှာပါ အလုပ်သမားမြို့တော်မှာ ပန်းခြံ၊ ကျောင်းနဲ့ ဈေးတို့ကိုပါ ထည့်သွင်း ဆောင်ရွက်သွားမှာပါ” ဟု လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) မှ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က ပြောသည်။

အလုပ်သမား မြို့တော်အသွင် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် မြေနေရာနှင့် ငွေကြေးအရင်နှီးမှာ အဓိက စိန်ခေါ်မှုများဖြစ်နေနိုင်သည်ဟု လူမှုဖူလုံရေးအဖွဲ့က ဆိုသည်။

“ဆောက်လုပ်ဖို့ မြေနေရာအတွက်ကတော့ သက်ဆိုင်ရာ တိုင်ဒေသကြီးနှင့်ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းရမယ် ပြီးတော့ ကျွန်တော်တို့ကို အကူညီပေးမယ့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းများနဲ့ လည်း အကြိမ်ကြိမ် ဆွေးနွေးပွဲတွေ ပြုလုပ်သွားရမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်းများအသင်းမှ အဓိက အဖွဲ့ဝင်ဖြစ်သော Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ တစ်ခန်းလျှင် ကျပ် (၈၅) သိန်း ဝန်းကျင်ရှိ အခန်း များ ဆောက်လုပ်ပေးနိုင်သည်ဟုဆိုကာ ကမ်းလှမ်းထားကြောင်းကိုလည်း သိရသည်။

၂၀၁၄ ခုနှစ်တွင် စတင်ကျင့်သုံးမည့် လူမှုဖူလုံရေး ဥပဒေအသစ်၌ အခြေခံလုပ်ငန်းများဖြစ်သော အလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုပ်ငန်းခွင်ထိခိုက်မှုများကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အလုပ်သမားတွေအတွက် အိမ်ရာစီမံကိန်းတွေ အကောင်အထည်ပေါ်လာရင် အကောင်းဆုံးပေါ့ အခုခေတ် အိမ်ခန်းဈေးတွေနဲ့ဆိုရင် ကျွန်မတို့ အလုပ်သမားလူတန်းစားအတွက် အိမ်ဝယ်နိုင်ဖို့က အိမ်မက်တစ်ခုလိုပါပဲ အခု နောက်ပိုင်း (IT) ပစ္စည်းတွေတောင် အရစ်ကျနဲ့ ဝယ်ထားနိုင်တဲ့ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းကို ကျွန်မတို့ ဝန်ထမ်းတွေက ကြိုဆိုပါတယ်” ဟု ကုမ္ပဏီဝန်ထမ်း မနန်းဆုမြတ်က ပြောသည်။

လူမှုဖူလုံရေး အိမ်ရာစီမံကိန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ပြီးစီးပါက အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးတွင် နှစ်စဉ်(၁၅)နှစ် ဆက်တိုက် ထည့်ဝင်ကြေးငွေပေးသွင်းထားမှသာ အလုပ်သမားများ အနေဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

“အန်ကယ်တို့ လူမှုဖူလုံရေး ဥပဒေသစ်ကို ၂၀၁၄ ခုနှစ်မှာ အကောင်ထည်ဖော်နိုင်ဖို့အတွက် စိန်ခေါ်မူတွေနဲ့ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ အဲ့ဒါတွေကို တဖြည်းဖြည်းခြင်းစီ လုပ်ဆောင်သွားမှာပါ။ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းကိုတော့ နောက်ဆုံးစီမံကိန်းအနေနဲ့ အကောင်ထည်ဖော်သွားမှာပါ” ဟု လူမှုဖူလုံရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် အကောင်အထည်ဖော်မည့် ဥပဒေသစ်တွင် အဆိုပါ အထွေထွေကျန်းမာရေး စောင့်ရှောက်မှု များအပြင် အလုပ်လက်မဲ့ခံစားခွင့်နှင့် အစိုးရဝန်ထမ်းများကဲ့သို့ သက်ကြီးပင်စင်ခံစားခွင့်နှင့် အိမ်ရာ စီမံကိန်းများ ပါ ပါဝင်မည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး အာမခံထားသော အလုပ်သမား ဦးရေ (၆၄၀၀၀၀) ဝန်းကျင်ရှိနေသည်။
Credit MyitMaKha

0 comments:

Post a Comment