Monday, August 19, 2013

လယ်ယာမြေ မှတ်ပုံတင်ခွင့် မရသောကြောင့် ဆန္ဒထုတ်ဖော်မည်

မြန်အောင်မြို့နယ် ကနောင်မြို့၊ အမှတ် (၅) ရိုက်စုရပ်ကွက်၊ ကွင်းအမှတ် ၂၇၉ ရှိ လယ်သမား ၅၃ ဦးပိုင်ဆိုင်သော လယ်မြေ ၁၉၇ ဧကအတွက် လယ်ယာမြေ မှတ်ပုံတင်ခွင့် မရသောကြောင့် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် မြန်မာဂျာနယ်လစ် ကွန်ရက်ရှိ သတင်းစာရှင်းလင်းပွဲတွင် လယ်ပိုင်ရှင်အချို့က ပြောကြားသည်။

အဆိုပါလယ်မြေများမှာ ၁၉၆၂ ခုနှစ်တွင် မြန်အောင်မြို့နယ် မြို့နယ်မြေ စာရင်းဦးစီးဌာနမှ မြို့ပိုင်မြေအဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၆၃ခုနှစ်တွင် သီးစားချထားရေး ဥပဒေအရ လယ်ယာမြေ မှတ်ပုံတင်ရန် မူလသတ်မှတ်ခဲ့သော မြို့ပိုင်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အမျိုးသားလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံသို့ ဇူလိုင်လ ၁၇ ရက်နေ့တွင် အကြောင်းကြားစာ တင်ပြထားကြောင်း အမှတ် (၅) ရိုက်စုရပ်ကွက် ဦးသော်တာချမ်းက ဆိုသည်။

“မှတ်ပုံတင်မရှိတော့ ကျွန်တော်တို့က ဘာနဲ့သွားပြီး စိုက်ပျိုးငွေထုတ်ရမလဲ” ဟု အမှတ် (၅) ရိုက်စုရပ်ကွက်မှ ဦးသော်တာချမ်းက ဆိုသည်။

အဆိုပါလယ်မြေများကို မြို့ပိုင်မြေအဖြစ် သိမ်းထားခဲ့သော်လည်း မည်သည့် အိမ်ရာစီမံကိန်းမှ ချမှတ် အကောင်အထည်ဖော်ခြင်း မရှိခဲ့ကြောင်း၊ မြို့ပိုင်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် မြန်အောင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ်မှ မြေစာရင်းဦးစီးမှူး ဦးတင်ဝင်းက ပြောကြားသည်။

“အဆင့်ဆင့် ဆွေးနွေးနေပါတယ်။ နောက်ဆုံးအဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အထိ တင်ပြမှာပါ” ဟု ၎င်းကဆိုသည်။

လယ်ယာစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဘဏ်က မည်သည့် စားကျက်မြေတွင် စိုက်ပျိုးသည်ဖြစ်စေ ချေးငွေများကို နှစ်စဉ် ထုတ်ပေးခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစတင်ကာ လယ်ယာမြေ မှတ်ပုံတင်ပြီးမှသာ ချေးငွေများ ထုတ်ပေးမည် ဖြစ်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနရုံးမှ သိရသည်။

ဟိန်းသွင်ထက်
Credit The Voice Weekly

0 comments:

Post a Comment