Tuesday, August 06, 2013

စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အချိန်ကာလ တိုးမြှင့်မည် မဟုတ်

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပေးနေသော စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် အချိန်ကာလကို ထပ်မံ တိုးမြှင့်ပေးမည် မဟုတ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေး တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ က စိုက်ပျိုးစရိတ် ချေးငွေကို တစ်နှစ် သတ်မှတ်ထားရာက သက်တမ်း လေးလ တိုးမြှင့်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဥပဒေ အခန်း (၅) ပုဒ်မ ၂၁(က) တွင် ချေးငွေ ကာလ တစ်နှစ်အထိ ဟု ပြဋ္ဌာန်း သတ်မှတ်ထားခြင်းကြောင့် ဥပဒေအရ သက်တမ်း ထပ်တိုးရန် မဖြစ်နိုင်ကြောင်း ဦးအုန်းသန်းက ရှင်းပြသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဥပဒေအရ ရှင်းလင်းသည်ကို နားလည်သော် လည်း တောင်သူများ ဘက်တွင်လည်း အမှန်တကယ် ဆုံးရှုံး နစ်နာနေသဖြင့် ကူညီ ဆောင်ရွက် နိုင်မည့် နည်းလမ်း များ ဆက်လက် ရှာဖွေသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ရီက ပြောကြား သည်။

“စိုက်စရိတ် ချေးငွေကို သတ်မှတ်ချိန်အတိုင်း ပြန်ဆပ်ရတာဆိုတော့ စပါးကို ရတဲ့ဈေးနဲ့ရောင်းရတယ်။ အချိန်သာ ထပ်ရမယ်ဆို စပါးတင်း တစ်ရာပေါ် မှာ ရောင်းရငွေ ပမာဏ သိန်းဂဏန်းအထိ တောင်သူတွေ ပိုရတယ်” ဟု ၎င်းက ရှင်းပြသည်။

တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အထောက်အကူဖြစ်စေရန် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများကို မိုးစပါး တစ်ဧက လျှင် ကျပ် တစ်သိန်းနှုန်း ချေးယူခွင့် ပြုထားပြီး ဘဏ္ဍာနှစ် မကုန်မီ ပြန်လည် ပေးဆပ်ရမည်ဟု စည်းကမ်း သတ်မှတ်ထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ဒေသအလိုက် မမျှော်မှန်းနိုင် သည့် ကြီးမားသော သဘာဝဘေး အန္တရာယ် ကျရောက်ခြင်း မျိုးကဲ့သို့ ထူးခြား ဖြစ်စဉ်များကို ခိုင်မာစွာ တင်ပြလာပါက စိုက်ပျိုးစရိတ် ချေးငွေ များ ပြန်ဆပ်သည့် ကိစ္စရပ်အပေါ် ပြည်ထောင်စု အစိုးရအဖွဲ့၊ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Credit The Voice Weekly

0 comments:

Post a Comment