
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ကိုက် ၂၀၀ ခန့်အကွာတွင် တည်ဆောက် လည်ပတ်လျက်ရှိသော မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္မဏီပိုင် မိုးကြိုးဆာလ်ဖျူးရစ် အက်ဆစ်စက်ရုံကြီးသည် ကျေးရွာနှင့် အလွန်နီးကပ်စွာရှိနေသည့်အတွက် ဒေသခံရွားသားများက နေရာပြောင်းရွှေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကြေးနီသန့်စင်ထုတ်လုပ်ရာ၌ အသုံးပြုနိုင်ရန်အတွက် ထို မိုးကြိုး ဆာလ်ဖျူးရစ်အက်ဆစ် စက်ရုံကြီးကို မြန်မာစီးပွားရေး ဦးပိုင် ကုမ္မဏီလီမီတက်မှ တည်ဆောက်လည်ပတ်နေခဲ့ခြင်းဖြစ်သည်။
“ အက်ဆစ်စက်ရုံက ထွက်ပေါ်လာတဲ့မီးခိုးတွေဟာ ရာသီပေါ် သီးနှံစိုက်ခင်းတွေထဲ ကျလာခဲ့ရင် သီးနှံပင်တွေ ပျက်စီး ရပါတယ်။ ရွာမှာရှိနေတဲ့ အထက်တန်းကျောင်းနဲ့လည်း အလွန်နီကပ်နေတဲ့အတွက် ရေရှည်မှာ ကျောင်းတက်နေတဲ့ ကလေးတွေအတွက် ကျန်းမာရေးကိစ္စရပ်တွေကို အထူးစိုးရိမ်ပူပန်မိရပါတယ်..” ဟု အက်ဆစ်စက်ရုံ ပြောင်းရွေ့ပေးရေး ဆန္ဒပြတောင်းဆိုနေသူ ကံကုန်း ရွာနေ ဦးအောင်စိုး မှ ဆိုသည်။
ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာစီးပွားရေးဦးပိုင် လီမီတက် မိုးကြိုး ဆာလ်ဖျူးရစ် အက်စစ်စက်ရုံ သည် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်၏ စက်ရုံဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်း၊ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် လက်မှတ် In ternational Organization For Standardization; ISO Certificate လည်းရယူထားခြင်းမရှိကြောင်း၊ ကြေးနီမိုင်း၏ လိုအပ်ချက်ဖြစ်သော ၉၈ ရာခိုင်နှုန်း ဆာလ်ဖျူးရစ်အက်ဆစ် နေ့စဉ် တန် ၅၀ ခန့်ထွက်ရှိကြောင်း၊ စက်ရုံစီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉.၄. ၂၀၀၇ ခုနှစ်စတင်လည်ပတ် ထုတ်လုပ်ခဲ့ကြောင်း၊ စက်ရုံခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေမြင့် ပြီး စွန့်ထုတ်သောအငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် SO2 ပါဝင်မှုကို 150pmm( per million) ထက် မများစေရန် သတ်မှတ် ထိန်းချုပ် စွန့်ထုတ်ခဲ့ကြောင်း၊ ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့် အန္တရာယ်ရှိသော ဓာတုဗေဒ ပစ္စည်း စက်ရုံ Hazardous Plant အတန်းအစားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားကြောင်း၊ စက်ရုံမှူး၏ ရှင်းလင်းတင်ပြချက်များ အရ သိရှိခဲ့ရသည်ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အပြီးသတ်အစီရင်ခံစာ အပိုဒ် ၄၇ တွင် ယင်းကဲသို့ ဖော်ပြထားသည်ကို သိရသည်။
အဆိုပါ အက်ဆစ်စက်ရုံကြီး တည်ဆောက်လည်ပတ်ခဲ့ပြီးနောက် ကံကုန်းကျေးရွာနေ ဒေသခံပြည်သူများမှ ကျန်းမာ ရေးအတွက် ထိခိုက်နစ်နာလာရသည်ဟုလည်း စွပ်စွဲပြောဆိုလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယခုလ ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဒေသခံ ကျေးရွာပေါင်း(၆)ရွာမှ စုပေါင်း၍ လူအင်အား ၅၀၀ ခန့်ဖြင့် မိုးကြိုး အက်ဆစ်စက်ရုံကြီး အားအမြန်ဆုံး ပြောင်းရွေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit ကိုတိုးကြီး (Facebook)









0 comments:
Post a Comment