Saturday, August 24, 2013

အလုပ်သမား ပြဿနာကို အကြောင်းပြ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်ယှက် ဟန့်တားရန် အကွက်ရှာနေသည့် အဖျက်အမှောင့် အင်အားစုများ ရှိနေဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အလုပ်သမား ပြဿနာကို အကြောင်းပြ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်ယှက် ဟန့်တားရန် အကွက်ရှာနေသည့် အဖျက်အမှောင့် အင်အားစုများ ရှိနေသည်ကို သတိပြုရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

သြဂုတ် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားသည်။

''ကျွန်တော့် အနေနဲ့ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ဆိုင်ရာက ပုဂ္ဂိုလ်တွေကို တင်ပြချင်တာကတော့ အလုပ်သမားလောကကို စောင့်ရှောက်ကြပါ။ အလုပ်သမား ပြဿနာကို အသုံးချပြီး ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးပမ်း တည်ဆောက်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကြီးကို နှောင့်ယှက်ဟန့်တားဖို့ အကွက်ရှာနေကြတဲ့ အဖျက်အမှောင့် အင်အားစုတွေ ရှိနေသေးတယ် ဆိုတာကို မမေ့မလျော့ သတိပြုကြပါ'' ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ဆက်လက်၍ ဦးခင်အောင်မြင့်က ''လက်ရှိကာလကို ကြည့်မယ်ဆိုရင် အလုပ်သမား အလုပ်ရှင် အခွင့်အရေး အခြေအနေကို ကြည့်ပါက ကျွန်တော်တို့ နိုင်ငံက အလုပ်သမားထု အခြေအနေဟာ ၁၉ ရာစုက အလုပ်သမားတွေရဲ့ ဘ၀မျိုးလောက်သာ ရှိနေသေးတာကို အံ့သြဖွယ်ရာ တွေ့နေရပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ အလုပ်သမားတွေရဲ့ ဘ၀ကို စောင့်ရှောက်ကြပါ'' ဟု ပြောကြားသည်။

အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများတွင် အလုပ်သမားများ သာမက အလုပ်ရှင်များတွင်လည်း အခက်အခဲ ရှိနေပါက အတတ်နိုင်ဆုံး ဖြေရှင်းပေးရမည် ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအား ချို့တဲ့မှုကြောင့် အချိန်ဆုံးရှုံးမှု ဆိုတာလည်း ငွေဆုံးရှုံးမှုပင် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း ပြောကြားသည်။

ယခင်က သဘာဝဓာတ်ငွေ့ ရောင်းရငွေဖြင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခဲ့ကြောင်း၊ နောင်တွင် ထပ်တွေ့လာသည့် သဘာဝ ဓာတ်ငွေ့များကို စက်မှုဇုန်တွေဆီ ပိုက်များနှင့်သယ်ပြီး နှစ်ဖက် တွက်ခြေကိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသင့်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ပါက လျှပ်စစ်စွမ်းအား ပြဿနာ လျော့ကျသွားပြီး ကုန်ထုတ်စွမ်းအား တိုးလာမည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း ရှင်သန်ဖွံ့ဖြိုး လာမည်ဖြစ်ပြီး အလုပ်လက်မဲ့ဦးရေ ကျဆင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Credit Eleven Media Group

0 comments:

Post a Comment