
စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများ အလုပ်ခွင်ဝင်ရန် ဘတ်(စ်)ကား စောင့်ဆိုင်းနေကြစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
မြန်မာနိုင်ငံသို့ အများဆုံး လာရောက်သည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကဏ္ဍမှာ ခြောက်လအတွင်း CMP အထည်ချုပ် လုပ်ငန်းများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ကျင်းပသည့် မြန်မာနိုင်ငံ၏ အခွန်စနစ်ဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှာ ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလာဆုံးက CMP အထည်ချုပ် ကဏ္ဍပဲ။ နောက်တစ်ခါ Manufacturing ကဏ္ဍကလည်း တက်လာတယ်။ အထည်ချုပ်ကတော့ အများဆုံးပဲ'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများသည် CMP လက်ခစား လုပ်ငန်းများသာ ဖြစ်သောကြောင့် ယင်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး လာရောက်နေရာ လုပ်သားများစွာအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ၂၅၀ ကျော် ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ၂၀ နီးပါး ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ စက်ရုံ ၂၀ ခန့်အနက် အချို့စက်ရုံများမှာ လည်ပတ်ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး အချို့သော စက်ရုံများမှာမူ ပြင်ဆင်ဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
''အထည်ချုပ်စက်ရုံ တစ်ရုံဆိုရင် လုပ်သားအင်အားက အနည်းဆုံး ၅၀၀ ကနေ ၁၀၀၀ ကြားရှိတယ်။ တချို့စက်ရုံတွေက ၁၀၀၀ ကျော်တယ်။ ဒီနှစ်ထဲတင် စက်ရုံက ၂၀ နီးပါးလောက် ထပ်ဖွင့်တယ်။ အဲဒီအထဲက ၁၀ ရုံလောက်က စပြီးပြင်ဆင်နေပြီ။ ကျန်တဲ့ ရှစ်ရုံလောက်ကတော့ ပြင်ဆင်ဆဲ ကာလပဲ ရှိသေးတယ်။ လက်ရှိ အခြေအနေမှာတင် ဒီကဏ္ဍက အလုပ်အကိုင် ရရှိမှုဟာ အရင်ကထက် နှစ်ဆတက်လာတာ တွေ့ရပါတယ်'' ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက် အထိရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာ ၁၄၁၈၅ ဒသမ ၅၂၉ သန်းဖြင့် အဆင့် (၁) ဟောင်ကောင် အနေဖြင့် အမေရိကန်ဒေါ်လာ ၆၃၉၃ ဒသမ ၃၃၄ သန်းဖြင့် အဆင့် (၃) နေရာတွင် ရှိနေခဲ့ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌လည်း ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပြည်တွင်း အထည်ချုပ်လုပ်ငန်းများသို့ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ အော်ဒါမှာယူမှု များပြားနေပြီး မြန်မာနိုင်ငံသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကြောင့် အီးယူနှင့် အမေရိကန်နိုင်ငံမှ အော်ဒါမှာယူမှုလည်း များပြားလာကြောင်း သိရသည်။
Credit Eleven Media Group









0 comments:
Post a Comment