Monday, September 16, 2013

ဆောက်လုပ်ရေး ကန်ထရိုက်များ စည်ပင်ဥပဒေ မလိုက်နာမှုအဆို ရန်ကုန်တိုင်း လွှတ်တော် သဘောတူ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများကို တာဝန်ယူ တည်ဆောက်နေသော ကန်ထရိုက်တာများ စည်ပင်သာယာရေး ဥပဒေကို လိုက်နာခြင်းမရှိ အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က သဘောတူကြောင်း စက်တင်ဘာလ ၁၃ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်ဟု ယင်းလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ် စန်းစန်းမြင့် တင်သွင်းသည့် ယင်းအဆိုကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။

ကန်ထရိုက်တာများသည် စည်ပင်မှ ထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာခြင်းမရှိဘဲ အများပိုင်မြေပေါ်တွင် ကျူးကျော် ဆောက်လုပ်ခြင်းများ ရှိနေပြီး မြို့တော်စည်ပင်သို့ တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသောကြောင့် တိုင်းအစိုးရအဖွဲ့က တာဝန်ယူ ဖြေရှင်းနိုင်ရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

“ဖောင်ဒေးရှင်းချရာမှ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု မရှိတာတွေကို တွေ့နေရတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူအများပိုင်သော ရပ်ကွက် အတွင်းရှိ မီးဘေးအန္တရာယ် ရှောင်ရှားရန် စည်ပင်မှ ချန်လှပ်ထားသော မြေများပေါ်တွင် ခိုးယူ ဆောက်လုပ်ခြင်းများ ရှိနေသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချမှတ်ထားသော ဥပဒေများအရ အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
ဟိန်းသွင်ထက်
Credit The Voice Weekly

0 comments:

Post a Comment