Thursday, September 05, 2013

ထိုင်းအလုပ်သမားကာကွယ်ရေးရုံးမှ တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသောအဖွဲ့အစည်းများ ဆွေးနွေးဖလှယ်



မြန်မာရွှေ့ပြောင်းအလုပ်သမားများနဲ့ လုပ်ငန်းရှင်များကြားရှိ အခြေအနေအရပ်ရပ်နဲ့ပက်သက်လို့ ထိုင်း အလုပ်သမားကာကွယ်ရုံးမှတာဝန်ရှိသူများနှင့် ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသော အဖွဲ့အစည်းများ တွေ့ဆုံပွဲဆွေးနွေးမှုတရပ်ကိုမဲဆောက်မြို့အလုပ်သမားကာကွယ်ရုံးမှာမနေ့က ပြုလုပ်ခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာများနှင့်ပက်သက်လို့အလုပ်သမားရေးရာဆောင်ရွက်နေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုမျိုးဇော်က အခုလို ပြောပါတယ်။

 “မဲဆောက်မှာ လုပ်ငန်းရှင်တွေရဲ့ အားက အရမ်းကြီးနေတဲ့အတွက် ကျနော်တို့ ဘယ်လိုကျော်လွှားနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတဲ့အခါ မဲဆောက်က အလုပ်သမားတွေဟာ တနေ့ကို ဘတ် ၃၀၀ နှုန်း မရကြပါဘူး။ အလုပ်သမားတွေရဲ့ လုပ်အားခကို တကယ်မြင့်တက်လာဖို့ဆိုရင် အခုအလုပ်သမားတွေဆီမှာ Work Permit ရှိတယ်၊ အဲဒီ Work Permit က အလုပ်သမားတွေကိုယ်တိုင် အလုပ်ရွေးချယ်ခွင့်၊ အလုပ်ပြောင်းလဲခွင့် သူတို့မှာ မရှိနေဘူး၊ မရှိနေတဲ့အခါကြတော့ လုပ်ငန်းရှင်တွေက လုပ်ခနည်းနည်းပဲပေးတယ်၊ ဆိုလိုတာက ဒီအလုပ်သမားက အလုပ်ထွက်လို့ မရဘူးဆိုတာကို သိနေတော့ လုပ်ငန်းရှင်က လုပ်ခနည်းနည်းပဲ ပေးတယ်။ အဲလိုမှမဟုတ်ပဲ အလုပ်သမားတွေကို လုပ်ငန်းပြောင်းလဲခွင့်ပေးတယ်ဆိုရင် လုပ်ငန်းရှင်တွေကနေ ဒီအလုပ်သမားတွေကို လုပ်ခလစာ တဖြည်းဖြည်း မြင့်လာရတော့မယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေက လုပ်ခလစာ ပိုပေးတဲ့နေရာကို သွားမှာဖြစ်တယ်”

NGOs တွေ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသောအဖွဲ့အစည်းတွေ၊အလုပ်သမားကာကွယ်ရေးရုံးရယ် ပေါင်းပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ကြားထဲဖြစ်နေတဲ့ ပြနာတွေကို ဖြေရှင်းပေးဖို့အတွက် ကော်မတီတခု ဖွဲ့ချင်တဲ့အကြောင်းအရာတွေ၊အခြေခံလုပ်ခလစာပြနာတွေ၊လုပ်ငန်းရှင်ကြီးများအသင်းရဲ့ ဒေသခံအာဏာပိုင်များအပေါ် သြဇာလွှမ်းမိုးနိုင်မှုတွေ၊ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတာတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

အလုပ်သမားကာကွယ်ရေုံးနဲ့ မဲဆောက်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသော အဖွဲ့အစည်းများ အခုလို တွေ့ဆုံဆွေးနွေး အမြင်ဖလှယ်နိုင်ဖို့ အလုပ်သမားကာကွယ်ရေးရုံးက စီစဉ်ခဲ့တာဖြစ်ပြီး NGOs နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူ ၂၀ ကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
YCOWA

0 comments:

Post a Comment