မြန်မာနိုင်ငံမှထွက်ရှိသော လယ်ယာထွက်ကုန်များအား တရုတ်အစိုးရအနေဖြင့် အခြားသောအာဆီယံနိုင်ငံများကဲ့သို့ ကိုတာစနစ် (ဝေစုစနစ်)ဖြင့် ၀ယ်ယူပေးရန် သမ္မတဦးသိန်းစိန်က တရုတ်နိုင်ငံဝန်ကြီးချုပ်အား တောင်းဆိုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောသည်။
“အဓိကကတော့ နယ်စပ်ကုန်သွယ်ရေးမှာ လယ်ယာထွက်ကုန်တွေ ကိုတာရဖို့။ တခြားအာဆီယံနိုင်ငံတွေရတယ်။ ကျွန်တော်တို့က မရတဲ့အခါကျတော့ ဆန်တွေ၊ ပြောင်းတွေ တင်ပို့တဲ့နေရာမှာ အခက်အခဲဖြစ်တယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောသည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအနက် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများထံမှ ကိုတာစနစ်ဖြင့် ၀ယ်ယူခဲ့သဖြင့် ထိုနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သော ဆန်များသည် တရားဝင် အခွန်ကင်းလွတ်ခွင့်ရပြီး ဒေသဆိုင်ရာအခွန်သာ ပေးဆောင်ရသည်။
မြန်မာသမ္မတဦးသိန်းစိန်အနေဖြင့် တရုတ်ဝန်ကြီးချုပ်အား တောင်းဆိုခဲ့မှုသည် ဖြစ်နိုင်ခြေရှိပြီး ထိုကဲ့သို့ ကိုတာစနစ်ဖြင့် တရုတ်နိုင်ငံက၀ယ်ယူခဲ့ပါက မြန်မာနိုင်ငံမှ တင်ပို့နေသော လယ်ယာထွက်ကုန်များမှာလည်း အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင် (ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတော်သမ္မတက တရုတ်ဝန်ကြီးချုပ်သို့ တောင်းဆိုမှုပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ တယ်ဟုန်တိုင်းယူနန်ပြည်နယ်မှ တာဝန်ရှိသူများသည် စီးပွားကူးသန်းမှ တာဝန်ရှိသူများနှင့် အဆိုပါကိစ္စ လာရောက်ဆွေးနွေးခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ အရည်အသွေးမြင့်ဆန်တန်ချိန် တစ်သန်းဝယ်ယူမည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများကြား သဘောတူခဲ့ကြသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံမှ ပြောင်းဆန်အား ကိုတာစနစ်ဖြင့် ၀ယ်ယူလျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တရားဝင်တင်ပို့ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံမှ တရားဝင်ဝယ်ယူခြင်းမရှိသဖြင့် ရောင်းဝယ်ရာတွင် ခက်ခဲမှုရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာငါးဘီလီယံရှိခဲ့သည်။
Credit 7Day News Journal

0 comments:
Post a Comment