Saturday, March 01, 2014

ထိုင်းနိုင်ငံရေးအခြေအနေ ကြောင့် ဗီဇာသက်တမ်း မတိုးနိုင်သည့် မြန်မာ တစ်သိန်းခန့် အခက်အခဲ ကြုံနေရ

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရ၏ ဗီဇာသက်တမ်းတိုးရေးအစီ အစဉ် နှောင့်နှေးမှု ကြောင့် သက်တမ်းမတိုးနိုင်သည့် ဗီဇာလွန်မြန်မာဦးရေ တစ်သိန်းဝန်းကျင်ခန့် ရှိနေ ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN)မှ သိရသည်။

ဖေဖော်ဝါရီ ၂ဝ ရက်စွဲဖြင့် ထုတ်ပြန်သော ထိုင်းနိုင်ငံရောက် မြန် မာရွှေ့ပြောင်း အလုပ်သမားရေးရာအတွက် အရေးပေါ် ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြထားခြင်း ဖြစ်ပြီး သက်တမ်းလွန် အလုပ်သမားများအား ပုံမှန်နိုင်ငံကူး လက်မှတ်မထုတ်ပေးဘဲမူလကိုင်ဆောင်ထားသည့် ယာယီနိုင်ငံကူးလက်မှတ်ကိုသာ လုံလောက်သောသက် တမ်း တိုးပေးရန်၊ သက်တမ်းတိုးခြင်းကို နယ်စပ်စခန်းများတွင်သာမက ထိုင်းနိုင်ငံ အတွင်း ပိုင်းများတွင်လည်း ဖွင့်လှစ်ဆောင်ရွက်ပေးရန်အပါအဝင် အချက်ငါးချက် ကို တောင်း ဆိုလိုက်သည်။

”အလုပ်သမား ၅ဝဝ နဲ့ အထက်က နေ့စဉ်နဲ့အမျှ သက်တမ်းကုန်နေတယ်။ အဲဒါကို အမြန်ဆုံးလုပ်ဖို့ လိုတယ်။ အဲဒီလို လုပ်တဲ့နေရာမှာလည်း မလိုလားအပ်တဲ့ ပုံမှန်နိုင်ငံ ကူးလက်မှတ်ထုတ်ပေးတာမျိုး မလုပ်သင့်ဘူး” ဟု MWRN မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။ ကျေးလက်ဒေသမှ တိုင်းရင်းသားအများစုပါဝင်သော မြန်မာ လုပ်သား များစွာတို့သည် ပုံမှန်နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် မှတ်ပုံတင်၊ အိမ် ထောင်စုစာရင်းစသည့် စာရွက်စာတမ်းများမရှိကြကြောင်း၊ မူလယာယီနိုင်ငံကူးလက် မှတ်ဖြင့် ပြုလုပ် ထားခဲ့သော လူမှုဖူလုံရေးအာမခံ ခံစားခွင့်၊ အသက်အာမခံ၊ ဘဏ် စာရင်း စသည်များတွင် နိုင်ငံကူးလက်မှတ် ပြောင်းလဲမှုကြောင့် ခက်ခဲရှုပ်ထွေးမှု များ ဖြစ်ပေါ် လာနိုင်ေ ကြာင်းMWRN မှ ထုတ်ပြန်သည်။

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထိုင်းနိုင်ငံရနောင်း၊ မဲဆောက်နှင့် ချင်း ရိုင်တွင် စခန်းများဖွင့်လှစ်ဆောင်ရွက်ပေးရန် သဘောတူညီမှုရ ထားကြောင်း၊ စခန်း များဖွင့်လှစ်ပြီး သက်တမ်းတိုးရေးကိစ္စများ စတင်ဆောင် ရွက်ရန် လုပ်ဆောင်နေကြောင်းအထက်ပါဦးစီးဌာနမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင် ၁၅ မှစ၍ နှစ်နိုင်ငံအစိုးရတို့က နိုင်ငံသားစိစစ်ခြင်းကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၁ ရက်အထိပြုလုပ်ပေးခဲ့ရာ ယာယီနိုင်ငံကူးလက် မှတ်၊ ဗီဇာ ရယူပြီး တရားဝင်အလုပ်လုပ်သူ ၁ ဒသမ ၇ သန်းရှိပြီဖြစ်သည်။ မူလက ယာယီနိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်ထားသောအလုပ်သမားများကို ထိုင်းတွင် နှစ်နှစ်ဗီဇာ နှစ်ကြိမ်သာ ခွင့်ပြုမည်ဖြစ်ပြီး ၄ နှစ်ပြည့်ပါက မိမိနိုင်ငံသို့ ၃ နှစ်ပြန်ရမည်ဟု မြန်မာ ထိုင်း နှစ်နိုင်ငံအစိုးရသဘောတူ ခဲ့ကြသည်။ သို့သော် ၄ နှစ်ဗီဇာကုန်ပြီးသူများ သက် တမ်းထပ်မံ တိုးပေးကာ ဆက်လက်အလုပ်လုပ်ခွင့်ပြုမည်ဟု ၂ဝ၁၃ ခုနှစ် စက်တင် ဘာ ၅ တွင် ပြုလုပ်သော နှစ်နိုင်ငံ အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။

သို့သော်လည်း အလုပ်သမားများ ဗီဇာသက်တမ်းကုန်ချိန်တွင် သက်တမ်း တိုး ရေးကိစ္စများကို မဆောင်ရွက်နိုင်သေးသောကြောင့် အလုပ်သမားများ အလုပ်ထုတ် ခံ ရခြင်း၊ ဖမ်းဆီးငွေညှစ်ခံရခြင်း၊ သက်တမ်းတိုးပေးမည် ဟုအကြောင်းပြကာ ငွေကြေးလိမ်လည်ခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန အလုပ်သမားရှာဖွေရေး ဦးစီးဌာနမှ နယ်အသီးသီးရှိ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးများသို့ ညွှန်ကြားသော ထုတ်ပြန်ချက်တွင် သက်တမ်း ၄ နှစ်ပြည့်အလုပ်သမားများ သည်ထိုင်းနိုင်ငံ အတွင်းမှ ချက်ချင်းထွက်ခွာသွားရန်နှင့် စစ်ဆေးတွေ့ရှိပါက တရား ဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။

မဲခေါင်ဒေသ ရွှေ့ပြောင်းခြင်းကွန်ရက်မှ ဖေဖော်ဝါရီ ၁ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင်လည်း အလုပ်လုပ်ခွင့်သက်တမ်းတိုးရန် ထိုင်းနိုင်ငံ အတွင်းမှ ထွက်ခွာရမည်ဆိုသည့်အချက်သည် ရွှေ့ပြောင်း အလုပ်သမားများအားအထောက်အထားမဲ့ အလုပ်သမားများအဖြစ် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများအား သက်တမ်းတိုးရေး ထိုင်းအစိုးရနှင့် ဆက်လက်ဆွေး နွေးမှုများ ပြုလုပ်ရန် လိုကြောင်း ဖော်ပြထားသည်။
မေဇင်ဝင်း
Credit: Popular Myanmar News Journal

0 comments:

Post a Comment