
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ (ဂန္ဓမာလက်ကားဈေးအနီး) ကန်စွန်းစိုက်ပျိုးသူ ၂၈ ဦး စိုက်ပျိုး လုပ်ကိုင်သော ရေကူးကန်စွန်းခင်း စိုက်ခင်းများကို တပ်မြို့ စည်ပင်သာယာရေး အဖွဲ့က ဧပြီလ ၂၂ရက်နေ့တွင် ဖယ်ရှားပေးရန် အကြောင်းကြားမှုကို အဆိုပါ စိုက်ပျိုးသူ ၂၈ ဦးနှင့် အလုပ်သမားများက ယခင်အတိုင်း စိုက်ပျိုး လုပ်ကိုင်ခွင့်ရရန် သက်ဆိုင်ရာသို့ တောင်းဆိုကြောင်း ကန်စွန်းစိုက်ပျိုးသူ ဦးရန်ဝင်းအောင်က ပြောကြားသည်။
အဆိုပါ ကန်စွန်းစိုက်ပျိုးသူ ၂၈ ဦးမှာ မြေဧက ၂၀ ခန့်တွင် ရှိသော စိုက်ကွင်းများတွင် ၁၉၅၉ ခုနှစ်မှ စတင်ကာ ယနေ့အထိ နှစ်ပေါင်း ၅၅ နှစ်ကြာ စိုက်ပျိုး လုပ်ကိုင်လျက် ရှိကာ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီလ ၉ ရက်နေ့တွင် တစ်ကြိမ် ကန်စွန်း စိုက်ပျိုးနေသူများ အနေနှင့် ဖယ်ရှားပေးရန် အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ယင်းစာများအရ သိရှိရသည်။
မရမ်းကုန်းမြို့နယ် အမှတ် ၈ ရပ်ကွက်နှင့် အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ အများစုက အဆိုပါ ကန်စွန်းစိုက်ခင်း မြေနေရာမှာ ရေနက်ကွင်းများ ဖြစ်သောကြောင့် အခြားသော သီးပင်စားပင် စိုက်ပျိုး၍ မရဘဲ ကန်စွန်း စိုက်ပျိုးခြင်း၊ ဘဲမွေးမြူခြင်းတို့ဖြင့် မှီခိုကာ အသက်မွေးဝမ်းကျောင်း ကြကြောင်း နှစ်ပေါင်း ၇၀ ကြာ ကန်စွန်းစိုက်ပျိုး လုပ်ကိုင်နေသူ အသက် ၈၄ နှစ်အရွယ် ဦးအုန်းက ပြောကြားသည်။
ကန်စွန်းစိုက်ခင်း မြေဧက ၂၀ ခန့်ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းရခြင်း အကြောင်းအရင်းကို တွေ့ဆုံညှိနှိုင်းကာ ဖြေရှင်းရန် လိုအပ်ကြောင်း၊ စစ်တပ်ဝင်းနေရာနှင့် သိမ်းဆည်းသော မြေနေရာမှ တခြားစီ ဖြစ်နေကြောင်း၊ တပ်မြေ သိမ်းဆည်းထားမှုများကို တရားဥပဒေ ဘောင်အတွင်း ဖြေရှင်းရန် လိုအပ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။
ကန်စွန်းစိုက်ခင်း မြေနေရာကို စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေရန်ဟု ဆိုကာ ၂၀၁၂ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က မြန်မာ့အလင်း သတင်းစာတွင် တင်ဒါ ခေါ်ယူခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကန်စွန်းစိုက်ခင်း စိုက်ပျိုးလိုသူများက ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က နိုင်ငံတော် သမ္မတထံနှင့် သက်ဆိုင်ရာ ဌာနများထံ အသနားခံ တင်ပြခဲ့ကြောင်း ကန်စွန်းစိုက်ပျိုးသူ ဦးရန်ဝင်းအောင်က ပြောကြားသည်။
Credit: The Voice Weekly









0 comments:
Post a Comment