Thursday, April 03, 2014

တောင်းဆိုချက်ကို လိုက်လျောမှုမရှိသဖြင့် YJ အထည်ချုပ်စက်ရုံတွင် ဆက်လက်ဆန္ဒပြ

တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တောင်ရပ်ရှိ YJ အထည်ချုပ်စက်ရုံတွင် တောင်းဆိုချက် ၇ ချက်ထဲမှ ထိုင်းအစိုးရ သတ်မှတ်ပေးထားသော ဥပဒေအတိုင်း အလုပ်ချိန်နှင့် လုပ်အားခပေးရန်ဆိုသော အချက်ကို လိုက်လျောမှု မရှိသဖြင့် ဧပြီလ ၂ ရက်နေ့က အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်ဟု သိရှိရသည်။

အဆိုပါစက်ရုံသည်  မတ်လ ၂၅ ရက်နေ့က အလုပ်သမားများ တောင်းဆိုထားသော အချက်များကို လုပ်ငန်းရှင်နှင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း လုပ်ငန်းရှင်က လိုက်လျောခြင်း မရှိဟု သိရသည်။

၎င်းနောက် စက်ရုံတွင်အလုပ်ပြန်ဆင်းကာ ထိုင်းဥပဒေအတိုင်း အလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါဒီကန်)နှင့် လုပ်ငန်းရှင်ထံသို့ စာတင်ကာ တောင်းဆိုခဲ့ပြီး၊ အဆိုပါနေ့တွင် လုပ်ငန်းရှင်က အလုပ်သမားများကိုယ်စားလှယ်များကို တွေ့ဆုံညှိနှိုင်းကာ မတ်လ ၂၈ ရက်နေ့တွင် အလုပ်ပြန်ဆင်းပါက တနှစ်ကျော်လုပ်ကိုင်ခဲ့သော အလုပ်သမားများကို တနှစ်ကို ၁၅ ဘတ်နှုန်း၊ တနှစ်အောက်လုပ်ကိုင်ခဲ့သူများကို ၁၂ ဘတ်နှုန်း၊ ၆ လအောက်လုပ်ကိုင်ခဲ့သူများကို ၁၀ ဘတ်နှုန်း တိုးပေးမည်ဟု လုပ်ငန်းရှင်မှ ညှိနှိုင်းခဲ့သော်လည်း အလုပ်သမားကိုယ်စားလှယ်များက လက်ခံခဲ့ခြင်း မရှိဟု သိရသည်။ အဆိုပါစက်ရုံတွင် ထိုင်းအစိုးရသတ်မှတ်ပေးထားသော တနေ့လုပ်အားခ ဘတ် ၃၀၀ ကို မရရှိကြဟု အလုပ်သမားတဦးက ပြောသည်။

၎င်းနောက် ဧပြီလ ၁ ရက်နေ့တွင် အလုပ်သမားများက  ၂၄ နာရီအတွင်း အလုပ်ရှင်မှ အလုပ်သမားများ၏ တောင်းဆိုမှုအပေါ် လိုက်လျောမှုမရှိခဲ့ပါက အလုပ်ရပ်နားခြင်းဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်းကို ထိုင်း-မြန်မာ နှစ်ဘာသာဖြင့် အလုပ်သမားများ အမည်၊ လက်မှတ်၊ လက်ဗွေပါရှိသော စာရွက်စာတမ်းအစစ် ကို အလုပ်ရှင်ထံနှင့် အလုပ်သမားကာကွယ်ရေးရုံးသို့ မိတ္တူတစ်စုံ အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်ခဲ့သည်ဟု အလုပ်သမားများကို ကူညီလုပ်ဆောင်ပေးနေသူ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေအထောက်အကူပြုဌာန တာဝန်ခံ မဇင်မာသက်က ပြောဆိုခဲ့သည်။

၂၄ နာရီအတွင်း ဖြေရှင်းပေးရန် ပြုလုပ်ခဲ့ပြီး နောက်တနေ့တွင်  အလုပ်ရှင်မှ ကြော်ငြာစာများကို ထုတ်ကာ အစည်းဝေးလုပ်ပြီး၊ အလုပ်သမားများကို အလုပ်ဆက်လုပ်ကြမည်ဆိုပါက ည  ၈း၀၀နာရီတွင် လက်မှတ်ထိုး အမည်စာရင်းလာရောက်ပေးရန်၊ အကယ်၍ အလုပ်မဆင်းပါက စက်ရုံထဲမှ မနက်ဖြန် ဧပြီလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာရန် လုပ်ငန်းရှင်မှ အသိပေးကြော်ငြာစာများ ကပ်ခဲ့သည်။ 

အလုပ်သမားများသည် အလုပ်ဆင်းရန်အတွက် ယနေ့ နံနက်ပိုင်းက စက်ရုံသို့သွားသော်လည်း လုပ်ငန်းရှင်က စက်ရုံတံခါး ဖွင့်လှစ်ထားခြင်းမရှိသဖြင့် ထိုင်စောင့်ခဲ့ရသည်ဟု သိရသည်။ ၎င်းနောက် လုပ်ငန်းရှင်မှ စက်ရုံဝင်းအတွင်းရှိ အဆောင်တွင် ပြန်အနားယူကြရန်နှင့် ယနေ့အလုပ်ပိတ်ပေးကာ လုပ်အားခရှင်းပေးမည်ဟု ပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါစက်ရုံတွင် လုပ်အာခနည်းခြင်း၊ အထည်များကို မတရာတောင်းဆိုခြင်း၊ အလုပ်သမားနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို အလုပ်ရှင်မှ သိမ်းထားခြင်း၊ ကျန်းမာရေး နှင့်ပတ်သက် ပြီး စည်းကမ်းချက်မျာ မတရားထုတ်ပြန်ခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အလုပ်ထုတ် ခြင်း၊ စက်ရုံစည်းကမ်းချက်များကို အလုပ်ရှင်မှ တစ်ဖက်သက်ရေးဆွဲ ထုတ်ပြန်ခြင်း၊ ရရှိနေသော လုပ်အားခမှာ ၁၇၅ဘတ်မှ ၁၉၀ဘတ်အထိသာ ရရှိသော်လည်း လုပ်အားခလစာထုတ်သည့်အခါတွင် ရရှိသော လုပ်အားခစာရွက်ကို လက်မှတ်တခါထိုးပြီး ဘတ် ၃၀၀ ဟုရေးသားထားသော စာရွက်ပေါ်တွင် လက်မှတ်တခါထပ်ထိုးရခြင်း  စသဖြင့် အလုပ်သမား အခွင့်ရေးချိုးဖောက်မှုများရှိနေသည်ဟု သိရှိရသည်။

အဆိုပါစက်ရုံတွင် ယခုဆန္ဒပြသူ စုစုပေါင်း ၅၁၆ ဦး ရှိသည်ဟု သိရသည်။
YCOWA

0 comments:

Post a Comment