Sunday, May 04, 2014

မြို့ပြအလုပ်သမားဘ၀နဲ့ အမျိုးသမီး

ရန်ကုန်မြို့က စက်မှုဇုန်တော်တော်များများမှာ ၀င်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေထဲမှာ အမျိုးသမီးအများစု ပါဝင်ကြပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုရင် စက်မှုဇုန်တွေမှာ အမျိုးသ မီး အလုပ်သမား ၉၀ ရာခိုင်နှုန်းရှိနေတယ်လို့ သိရပါတယ်။ အဲဒီ ၉၀ ရာခိုင်နှုန်းသော အမျိုးသမီး အလုပ် သမားတွေဟာ ကျေးလက်နေ အမျိုးသမီးတွေဖြစ်ကြတော့ အသိပညာ၊ အတတ်ပညာ အားနည်းကြတဲ့အ တွက် အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်စေခိုင်းမှုတွေကို ပုံစံမျိုးစုံခံစားနေကြရပါတယ်။

အလုပ်လက်မဲ့ဘ၀နဲ့ ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးထက် အလုပ်နဲ့လုပ်ခ မမျှတပေမယ့် ရသလောက်နဲ့ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်စေခိုင်းမှုတွေကို အောင့်အည်းကျေနပ်နေခဲ့ကြရင်း စစ်အစိုးရကနေ အရပ်သားပုံစံ အစိုးရစနစ် ပြောင်းလာပြီးတဲ့နောက်ပိုင်းမှာတော့ စက်မှုဇုန်တွေဆီက အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုပွဲ အသံတွေကို အထပ်ထပ် ကြားနေခဲ့ရပါတယ်။

“လုပ်ခလစာနဲ့ အလုပ်ချိန်မညီမျှမှု၊ လုပ်ခလစာနဲ့ အလုပ်တာဝန်မညီမျှမှု၊ အလုပ်ခွင် စည်းကမ်းတွေက စံချိန်စံညွှန်းနဲ့အညီမဟုတ်ဘဲ အလုပ်သမားတွေအပေါ် မတရားသဖြင့် အနိုင်အထက်ပြုကာ ချမှတ်ထားမှု တွေနဲ့ အလုပ်သမားတွေဘက်က တာဝန်ယူ အကာအကွယ် ပေးနိုင်ဖို့ ခိုင်မာတဲ့ သမဂ္ဂ အဖွဲ့အစည်းတွေကို ကာလအတန်ကြာ ဖွဲ့စည်းခွင့်မရရှိနိုင်အောင် ပိတ်ပင်ထားမှု” စတာတွေကြောင့် ဆန္ဒပြတောင်းဆိုမှု တွေ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြခွင့်ရှိလာကြတဲ့နောက်မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားက ကာလရှည်ကြာ ငုပ်လျှိုးနေခဲ့တဲ့ ပြဿနာတွေကလည်း ဆက်တိုက်လိုလို ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုဆန္ဒပြမှုတွေနဲ့ တောင်းဆိုမှုတွေရဲ့  အကျိုးဆက်အနေနဲ့ အမျိုးသမီးအလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ အနိုင်ကျင့်မှုပုံစံမျိုးစုံကို ရင် ဆိုင်ခဲ့ကြရတယ်လို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး ဒုတိယတာဝန် ခံဒေါ်မာမာဦးက ပြောပါတယ်။

“ကျွန်မအနေနဲ့ ၂၀၁၂ ခုနှစ် မေလဆန်းလောက်ကတည်းက အလုပ်သမားဆန္ဒပြပွဲတွေမှာ ၀င်ရောက် ဖြေရှင်းပေးခဲ့ပါတယ်။ များသောအားဖြင့် ရွှေပြည်သာ စက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်နဲ့ လှိုင်သာယာစက်မှု ဇုန်က အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ကြတာများပါတယ်။ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်သ မားတွေက အမျိုးသမီးအများစုပါ။ ဦးဆောင်တဲ့ခေါင်းဆောင်တွေကလည်း အမျိုးသမီးတွေပါပဲ။ အဲဒီဆန္ဒ ပြပွဲကို ခေါင်းဆောင်တဲ့ အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းရှင်ရဲ့ ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေကို နည်းမျိုးစုံနဲ့ ခံခဲ့ရတယ်။ မတတ်သာလို့ အလုပ်သမားသမဂ္ဂဖွဲ့ စည်းခွင့်ပေးလိုက်ပြီး အလုပ်ရှင်ဘက်က အလုပ်သမားသမဂ္ဂခေါင်းဆောင်လုပ်တဲ့သူကို အကြောင်းမရှိ အကြောင်းရှာပြီး အလုပ်ထုတ်ခံရတယ်။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးတာ တစ်ခုမှ မရှိဘူး” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန် အာရှနဂါးအထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂအ တွင်းရေးမှူး ဒေါ်ကေသွယ်မိုးက စက်မှုဇုံက အမျိုးသမီးအလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ အခက်အခဲ တွေကို ရှင်းပြရာ “ကျွန်မတို့စက်ရုံမှာ အလုပ်သမား ၁,၆၀၀ ရှိပါတယ်။ ကျွန်မရဲ့လုပ်ခက တစ်လကို အို တီကြေးပါရင် ကိုးသောင်းလောက်ရပါတယ်။ အိုတီမရှိတဲ့ လမျိုးဆိုရင် ခုနှစ်သောင်းလောက်ပဲ ရပါတယ်။တစ်ရက်ပျက်ရင် ငါးထောင်ဖြတ်ခံရတယ်။ ရက်မှန်ကြေးပေးတာကလည်း တစ်ရက်ပျက်လိုက်တာနဲ့ မရ တော့ဘူး။ ကျွန်မတို့စက်မှုဇုန်ဘက်မှာဆို Real Ster (အထည်ချုပ်စက်ရုံ)က အလုပ်သမတွေက တော် တော် အခြေအနေဆိုးပါတယ်။ ညီမလည်း အဲဒီမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာက ဆီးသွားချင်ရင် လက်မှတ်ထိုးပြီး သွားရတယ်။ အချိန်ဘယ်လောက်ကြာလဲဆိုတာ လုံခြုံရေးကို စောင့်ကြည့် မှတ်ခိုင်း ထားပြီး အရေးယူတယ်”လို့ ပြောပြပါတယ်။

စက်မှုဇုန်ရှိ အမျိုးသမီးစက်ရုံအလုပ်သမားတွေအနေနဲ့ လက်ရှိမှာ အိမ်သာပြဿနာကို အဓိက ရင်ဆိုင်နေရတယ်လို့ ဆိုကြပါတယ်။ အိမ်သာသွားရောက်လိုပါက ကတ်ဖြင့်သွားရောက်ရပြီး လူဦးရေနဲ့ အိမ်သာအ ရည်အတွက် မမျှတတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါအပြင် ကျန်းမာရေးပိုင်းအတွက် ဆေးပေးခန်း၊ နားနေခန်းတွေမပြည့်စုံမှု၊ မီးဖွားခွင့်ဆိုင်ရာ အခွင့်အရေးမရရှိမှုတွေနဲ့ အချို့တက္ကသိုလ်ကျောင်းသူ အလုပ်သမားလေးတွေအတွက် စာပေးစာယူစာမေးပွဲဖြေဆိုဖို့ ခွင့်မပေးမှုတွေကို ကြုံတွေ့နေ ရတယ်လို့ သိရပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဋ္ဌာန်းချက်က ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ပေးခြင်းဆိုင် ရာသဘောတူစာချုပ် (ပြဋ္ဌာန်းချက် ၁၈၃) အပိုဒ် ၄ အရ ရက်သတ္တပတ် ၁၄ ပတ်ထက်မနည်းသော မီးဖွား ခွင့် ရရှိခံစားခွင့်၊ အပိုဒ် ၆ အရ အလုပ်မှခွင့်ယူသော အမျိုးသမီးများအား နိုင်ငံ၏ဥပဒေအတိုင်း ငွေကြေး ထောက်ပံ့မှု ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာအမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုင်ရာ ခံစားခွင့်တွေမရရှိကြသေးဘူးလို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂရဲ့ ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းကဆိုပါ တယ်။

“မြန်မာနိုင်ငံမှာ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေဆိုတာ ရှိပါတယ်။ အဲဒီဥပဒေမှာ အမျိုးသမီးအလုပ်သမား တစ်ယောက် ကိုယ်ဝန်ရှိလာရင် တရားဝင် ခွင့်ပေးတယ်။ လစာလည်းပေးရပါတယ်။ အဲဒီ ကိုယ်ဝန်အ တွက် အလုပ်ရှင်က တာဝန်ယူပေးရတယ်။ မီးဖွားပြီး အလုပ်ပြန်ဝင်မယ်ဆိုရင် အလုပ်ပြန်ပေးရသလို သူ နဲ့ပါလာတဲ့ ရင်ဝယ်ပိုက်ကလေးအတွက် သန့်ရှင်းတဲ့အခန်း၊ ကလေးထိန်း၊ နို့မှုန့်ကအစ ထားပေးရပါ တယ်။ ဒါက ရှိပြီးသားဥပဒေပါ။ ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံအခြေအနေမှာတော့ ကိုယ်ဝန်ရှိလာရင် အ လုပ်ပြုတ်သွားတာ များပါတယ်။ နောက်ပြီးအမျိုးသမီးတွေအတွက် သတ္တုတွင်းဥပဒေနဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေမှာ အိမ်သာဘယ်လောက် ထားပေးရမယ်ဆိုတဲ့ ဥပဒေလည်းရှိပါတယ်။ အခုအခြေအနေက တော့အလုပ်သမားတွေအနေနဲ့ ရှိပြီးသားဥပဒေကိုပဲ ပြန်တောင်းနေရတာပါ။ အလုပ်ရှင်တွေအနေနဲ့ ဥပဒေကို လိုက်နာမယ်ဆိုရင် အမျိုးသမီးအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရလာမှာပါ”လို့ ဆိုပါတယ်။

လှိုင်သာယာစက်မှုဇုန် တိုင်ရီဖိနပ်စက်ရုံမှ ဒေါ်စန်းစန်းနွယ်ကလည်း သူမတို့စက်ရုံအလုပ်ခွင်မှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေကိုပြောပြရာ “ကျွန်မ အခုစက်ရုံမှာ အလုပ်လုပ်တာ ၁၂ နှစ်ရှိပါပြီ။ အခု ကြီးကြပ် ရေးမှူးပါ။ လက်ရှိလစာက အိုတီပါမှ တစ်သိန်းကျော်ကျော်လေး ရပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာ က သမိုင်းအစဉ်အလာအရပဲ ပြောမလား။ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခတွေပါပဲ။ ကိုယ်လိုချင် တဲ့အရာက မရတာ များပါတယ်။ ကိုယ်ရဲ့ရပိုင်ခွင့် အခွင့်အရေးရဖို့ဆိုရင်လည်း မနည်းကို ကြိုးစားပြီး ရ ယူနေရတယ်။ ရှောရှောရှုရှုပေးတယ်ဆိုတာ မရှိဘူး”လို့ ဆိုပါတယ်။

အထူးသဖြင့် လှိုင်သာယာစက်မှုဇုန်ဘက်မှ စက်ရုံအလုပ်သမတွေအနေနဲ့ ကာယိနြေ္ဒနှောင့်ယှက်မှုတွေ ကို ကိုယ်ထိလက်ရောက်ကော၊ နှုတ်အားဖြင့်ပါ ကြုံတွေ့နေရတယ်လို့ ဒေါ်စန်းစန်းနွယ်က ဆက်လက် ပြောပြပါတယ်။

အလုပ်သမား အမျိုးသမီးတွေအတွက် မြန်မာနိုင်ငံမှာ ကာကွယ်ပေးမယ့် သီးသန့်ဥပဒေ မရှိပေမယ့် အမျိုးသမီးများ ကာယိနြေ္ဒထိပါးနှောင့်ယှက်မှုဆိုင်ရာ ဥပဒေ ၃၅၄ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သက် ဆိုင်ရာတရားရုံးမှာ ဦးတိုက်လျှောက်ထားရတာဖြစ်တဲ့အတွက် ငွေကြေး၊ အချိန်ခက်ခဲမှုတွေ ရှိနေကြတဲ့ အတွက် အမျိုးသမီးအလုပ်သမားတွေအနေနဲ့ ထိထိရောက်ရောက် တိုင်တန်းမှုတွေကို မပြုလုပ်နိုင်ကြဘူး လို့ ဦးအောင်သူရိန်ထွန်းက ရှင်းပြပါတယ်။

အဲဒီလို အခက်အခဲပေါင်းများစွာနဲ့ လုပ်ခလစာ အနည်းငယ်ပေါ်မှာ ရပ်တည်နေကြတဲ့ အမျိုးသမီး အလုပ်သမားတွေအနေနဲ့ သူတို့ကိုမှီခိုနေတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် ဘ၀ကို အရင်းအနှီးလုပ်ပြီး စီးပွားရှာကြတဲ့အထိ ဘ၀ကို အဆုံးခံကြရတယ်လို့ စက်မှုဇုန်အလုပ်သမားအသိုင်းအ၀ိုင်းက သိရပါတယ်။ တချို့ဆိုရင်လည်း တိုင်းတပါးထွက်ကာ စီးပွားရှာကြပြီး ရရာအလုပ်လုပ်ကာ ဘ၀ကို ရုန်းကန်နေကြရပါ တယ်။

အခုအခါမှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဌာနက ဦးဆောင်ပြီး အနိမ့်ဆုံးလစာကို စတင် သတ်မှတ်ပေးဖို့ အစီအစဉ်တွေရေးဆွဲကာ လွှတ်တော်ကို တင်သွင်ထားတယ်လို့ သိရပါတယ်။ အဲဒီအစီ အစဉ်အရ အလုပ်သမားတွေရဲ့ အခြေခံလစာတွေ တိုးလာမယ်၊ အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားတွေအရေးကို ရှေ့ရှုပြီး ရှိပြီးသားဥပဒေတွေကို လိုက်နာကျင့်သုံးကြမယ်ဆိုရင် အလုပ်သမားတွေ ရဲ့လူမှုဘ၀တွေ ဖူလုံလာနိုင်မှာ ဖြစ်ပါတယ်။
Credit: Mizzima

0 comments:

Post a Comment