Friday, June 06, 2014

ကလောမြို့နယ် ခနောက်စိမ်း သတ္တုကျိုချက်စက်ရုံ အနံ့များကြောင့် ဒေသခံတို့ ကျန်းမာရေး အန္တရာယ်ကြုံတွေ့နေရဟုဆို


 ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း ကျေးရွာ အုပ်စု၊ ဘော်ဆိုင်း ကျေးရွာ အနီးရှိ ခနောက်စိမ်း သတ္တုကျိုချက် လုပ်ကိုင်လျက်ရှိသည့် အင်းလေး သံလွင်ကုမ္ပဏီ လုပ်ငန်းခွင်မှ ထွက်ရှိ လာသည့် မီးခိုးငွေ့ နှင့် အနံ့ဆိုးများကြောင့် ဒေသခံ ပြည်သူများ ကျန်းမာရေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု ကံဦးရပ်ကွက်နေ ဒေသခံ ဒေါ်သင်းသင်းက မဇ္ဈိမကို ပြောသည်။

"မိုးရေကြိုသောက်ရင် သန့်မယ် ထင်ထားတာ၊ အခု ရေသန့်တိုင်း ကိရိယာနဲ့ တိုင်းတဲ့အခါကျတော့ ကြိုချက်ထားတာတောင် အနီရောင် အမှတ်ပြနေတယ်၊ ရေတွေလည်း ခဲဆိပ်ဖြစ်နေပြီ" ဟု ဒေသခံ ဒေါ်သင်းသင်း ကဆိုသည်။

အဆိုပါ ခနောက်စိမ်း သတ္တုတူးဖော်နေသည့် ကုမ္ပဏီသည် ဘော်ဆိုင်းကျေးရွာအုပ်စု အဝင် ၁ မိုင်ခွဲခန့်အကွာတွင် လုပ်ကိုင်နေခြင်းဖြစ်ပြီး မီးခိုးများနှင့် အနံအသက်များသည် ဘော်ဆိုင်းကျေးရွာအုပ်စုသို့ တိုက်ရိုက်ဝင်ရောက် လျက်ရှိသည်ဟု ဘော်ဆိုင်းကျေးရွာအုပ်စု ဒေသခံ ကျေးရွာသူ၊ ရွာသားများက ဆိုသည်။

" အခု ဒီကုမ္ပဏီက ခဏနားနေတယ်၊ နားတယ်ဆိုတာလည်း ပစ္စည်းပျက်လို့နားတဲ့ ပုံစံပဲဖြစ်တယ်၊ ခံစားနေရတဲ့ အနံ့က တအားဆိုးတာ ရှူပြီးရင် အားမရှိသလို ခံစားရတော့ ကြာလာရင် အဆုတ်ကို ထိခိုက်မှာ စိုးရိမ်နေတယ်" ဟု ဒေသခံ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်မြင့်က ဆိုသည်။

Eco Dev မှ ဒါရိုက်တာ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူ "သူတို့ချက်တဲ့ ဓာတုပစ္စည်းတွေ ဖြစ်တဲ့ အာဆင်းနစ်၊ ခရိုမီယမ် အသုံးပြုတဲ့ ဆေးပေါ်မူတည်ပြီး ပြဒါး၊ ခဲ စတာတွေ ထွက်လာနိုင်ပါတယ်၊ ခနောက်စိမ်းပေါ်မူတည်တဲ့ ဓာတ်ငွေ့တွေ ထွက်လာနိုင်ပါတယ်"ဟု ပြောသည်။

၎င်းကဆက်လက်၍ ယင်း ခဲ၊ပြဒါးများ ထွက်ရှိပါက ကျန်းမာရေး ထိခိုက်နိုင်ကာ ကိုယ်တွင်း ကလီစာရောဂါ၊ အစာအိမ်လမ်းကြောင်း၊ အူရောဂါများ ဖြစ်ပေါ်လာနိုင်ပြီး ဦးနှောက်နှင့် ပတ်သက်သည့်ရောဂါများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် သဘာဝပတ်ဝန်းကျင် အနေဖြင့်လည်း အပင်များ၊ ရေများ၊ သတ္တဝါများ အဆိပ်သင့်စေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည် ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ယင်းခနောက်စိမ်း ကျိုချက်နေခြင်းကြောင့် ထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုး မီးခိုး၊ အငွေ့အနံ့အသက် ဆိုးကျိုးများ၊ သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးဒဏ်များကို ဒေသခံများက မခံစားနိုင်တော့သဖြင့် စက်ရုံအား အမြန်ဆုံး ဖယ်ရှားပေးရန်အတွက် ဘော်ဆိုင်း ကျေးရွာ ၆ ရပ်ကွက်မှ ဒေသခံ ကျေးရွာပြည်သူ ၁ဝဝ ဦးခန့်က လက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောရေးရာဝန်ကြီး၊ ကလောမြို့နယ် အုပ်ချုပ်ရေးမှူး၊ အမှတ်(၁) သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း ဘော်ဆိုင်းရုံး (တာဝန်ခံ)၊ EITI ဖော်ဆောင်ရေး အဖွဲ့တို့ထံ  မေလ တတိယပတ်က စာတင်ထားသည်ဟု ဘော်ဆိုင်းဒေသခံ ဒေသခံ ဒေါ်သင်းသင်းက    
 ပြောသည်။

စက်ရုံအား ဖယ်ရှားပေးရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြတောင်းဆိုထားသော်လည်း အကြောင်းတစ်စုံတစ်ရာထူးခြားမှု မရှိလာပါက ကျေးရွာသူ၊ သားများအနေဖြင့် တရားဝင်ခွင့်ပြုချက် တောင်းခံကာ ဆန္ဒဖော်ထုတ်သွားမည်ဟု ဘော်ဆိုင်းဒေသခံ ဒေါ်သင်းသင်းကဆိုသည်။

၂ဝ၁၄ နှစ်ဦးပိုင်းမှ စတင်ကာ ခနောက်စိမ်း သတ္တုများကို ကျိုချက်နေခြင်းဖြစ်ပြီး  အခြားဒေသမှ ထွက်ရှိလာသည့် ခနောက်စိမ်းများကို သယ်ယူလာပြီး နေ့ညမပြတ် ကျိုချက်နေသည်ဟု ဘော်ဆိုင်းကျေးရွာအုပ်စု ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သတ်ပြီး ဘော်ဆိုင်းဒေသမှ အင်းလေးသံလွင်ကုမ္ပဏီအပါအဝင် ခနောက်စိမ်းကျိုသည့် ကုမ္ပဏီများကို မဇ္ဈိမက အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင်း သတ္တုတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၆ခုခန့်ရှိသည်။

Credit: Mizzima

0 comments:

Post a Comment