၂၀၁၇ခုနှစ်ဇန်န၀ါရီလ (၄)ရက်နေ့မှာကျရောက်တဲ့ (၆၉)နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အထိမ်း အမှတ် အားကစားပွဲတွေကို မယ်တောင်တိုက်နယ် ဖထောင်းရပ်မှာရှိတဲ့ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ ကျောင်းတာဝန်ရှိသူတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စုပေါင်းပြီး ပြုလုပ်ကျင်းပခဲ့ပါတယ်။

နှစ်ပေါင်း တရာနီးပါးကြား အင်္ဂလိပ်လက်အောက်ကျရောက်ပြီး သူ့ကျွန်ဘ၀ကနေလွတ်မြောက်အောင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာအာဇာနည်ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့ရာက (၁၉၄၈)ခုနှစ်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။

ဒီလို ကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲမှာ
စံပယ်ဖြူနေ့ကလေးထိန်းကျောင်းက ကျောင်းသူကျောင်းသားတွေအတွက် မုန့်စားပြေး
ပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲ၊ ပူစီပေါင်းဖေါက်ပြိုင်ပွဲနဲ့
ဘောလုံးအရောင်ရွေးချယ် ကောက်တဲ့ပြိုင်ပွဲတွေအပါအ၀င် လွတ်လပ်ရေးနေ့ကို
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးရင်သွေငယ်တွေ သိရှိနားလည်စေဖို့
ကျင်းပပြုလုပ်ခဲ့ပါတယ်။
လူကြီးတွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲပြိုင် အာလူကောက်ပွဲ၊ ပီနံအိတ်စွပ်ပြီး ပြေးတဲ့ပြိုင်ပွဲတွေ တာတိုအပြေးပြိုင်ပွဲတွေနဲ့ စည်ကားစွာကျင်းပပေးခဲ့တာဖြစ်ပါတယ်။
ဇန်န၀ါရီလ (၄)ရက်နေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ မယ်တောင်တိုက်နယ်အတွင်းက တောင်ယာနဲ့ စက်ရုံ၊အလုပ်ရုံတွေမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအ၀င် နေ့ကလေးထိန်းကျောင်းက ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိဘတွေ၊ မဲဆောက်အမှိုက်ပုံလို့ လူသိများတဲ့ မယ်ပအရပ်က ကျောင်းသားကလေးငယ်တွေ စုစုပေါင်း (၁၅၀)ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပွဲတွေ ကျင်းပပြုလုပ်ခဲ့တဲ့ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းကို (၂၀၁၀)ခုနှစ်က စတင်ကာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းမိဘတွေအတွက် တဖက်တလမ်းက သူတို့ရဲ့ရင်သွေးကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။

0 comments:
Post a Comment