Tuesday, February 07, 2017

မြန်မာရွှေ့ပြောင်းလုပ်သား၂၈ ဦး နစ်နာကြေး ထိုင်းဘတ် ၁သိန်းခွဲနီးပါး ရရှိ



ထိုင်းနိင်ငံ၊ ဘန်ကောက်မြို့အနီး နွံထဘူရီခရိုင်ထဲက စားသောက်ဆိုင် တဆိုင်မှာ အလုပ်လုပ်နေတဲ့ ကရင်လူမျိုးရွှေ့ပြောင်း အလုပ်သမား ၂၈ဦး ကို တနှစ်နီးပါး ကြာ အလုပ်ရှင်က လုပ်အားခ မပေးတဲ့အတွက် ထိုင်းအလုပ်သမားကာကွယ်ရေး စောင့်ရှောက်ရေးရုံးကို တိုင်ကြားခဲ့ရာကနေ အလုပ်ရှင်က ရက်ပေါင်း ၆၀ အတွင်း လုပ်အားခ နစ်နာကြေးပေးဖို့ သဘောတူခဲ့ပြီး လောလောဆယ်မှာတော့ ဘတ်ငွေ တသိန်း ၄သောင်း ပေးခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ၊ နွံဘူရီခရီုင်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကရင်လူမျိုး ၂၈ဦးဟာ နွံထဘူရီခရိုင်ထဲက စားသောက်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတာဟာ တနှစ်နီးပါးရှိပြီဖြစ်ပါတယ်။ သူတို့ကို အလုပ်ရှင်က တနေ့ ကို ဘတ်ငွေ ၂၀၀ပေးမယ်ဆိုပြီး အလုပ်ခန့်ခဲ့ပေမဲ့ တနှစ်နီးပါးကြာတဲ့အထိ လုပ်အားခမရတာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အလုပ်သမားရေးကူညီစောင့်ရှောက်ရေးAAC မဟာမိတ်အဖွဲ့ကို တိုင်ကြားခဲ့တာပါ။

ဖေဖေါ်ဝါ၇ီလ ၆ရက်နေ့ မှာတော့ အလုပ်သမားတွေနဲ့ အတူ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးကိုသွားရောက်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာကိုဖြေရှင်းပေးဖို့ တောင်းဆိုပေးခဲ့ရာမှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို ပေးရမယ့် လုပ်အားခတွေအားလုံး စုစုပေါင်း ဘတ်ငွေ ၁၁သိန်းထဲကနေ လောလောဆယ်ဘတ်ငွေ တသိန်း ၄သောင်း စတင်ပေးခဲ့တာဖြစ်တဲ့အကြောင်း အေအေစီအဖွဲရဲ့ ဒါရိုက်တာဦးခိုင်ကြီးက ပြောပြပါတယ်။

“ကျနော်တို့လည်း ညှိနှိုင်းရင်းနဲ့ အဲဒီပိုက်ဆံ ၁၁ သိန်းကို ရက် ၆၀ အတွင်းကို ပြေလည်အောင်ပေးပါ့မယ် ဒီနေ့မှာတော့ အလုပ်သမားတွေရဲ့ အခန်းခ၊ မီးခ၊ ရေခ တွေအနေနဲ့ ဘက် ၁ သိန်း ၄ သောင်း ကို လက်ငင်းထုတ်ပေးတယ်။ အဲဒီအလုပ်သမားတွေ အများစုက အသက်အရွယ်မပြည့်သေးတာ ၃ ယောက်ပါတယ်၊ ဘက် မရှိတဲ့လူက ၇ ယောက်ပါတယ်၊ အပန်းရောင် ကတ်တွေ၊ နေထိုင်ခွင့်လက်မှတ်ရှိတယ်၊ ပတ်စပို့ရှိတယ်၊ ဒါပေမယ့် လုပ်ငန်းအနေနဲ့ မမှန်မကန် နေတဲ့လူတွေက ကျန်တဲ့လူတွေပေါ့ သူတို့ အားလုံးက ၂၈ ယောက်ပေါ့။”

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြန်မာသံရုံးဘက်က တော့ အလုပ်သမားတွေကို လတ်တလောဖမ်းဆီးတာမျိုးတွေ မဖြစ်ပေါ်စေရေးအတွက် အကာကွယ်ပေးထားတဲ့ စာရွက်စာတမ်းများ ထုတ်ပေးထားတယ် လို့လည်း ဆိုပါတယ်။

“သံရုံးကတော့ ဒီကိစ္စမှာ ကျနော်တို့က သံအရာရှိ ကို သတင်းပို့တယ် သူတို့ကတော့ ဘာလုပ်ပေးသလဲဆိုတော့ ဒီကလေးတွေကို တရားမျှမျှတတ လုပ်ပေးပါဆိုပြီးတော့ စာရွက်စာတမ်းတွေ ထုတ်ပေးတယ်။”

ဒီလိုပြဿနာတွေဟာ အများအပြားရှိနေပြီး ပြောင်းလဲနေပြီဆိုတဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့် အလမ်းတွေ မဖန်တီးပေးနိုင်သေးတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ လာရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့လည်း ဦးခိုင်ကြီးက ဆိုပါတယ်။

“အဲဒါ နိုင်ငံတော်နဲ့ ဆိုင်တယ်ဗျ၊ နိုင်ငံတော်က အလုပ်အကိုင်အခွင့် အလမ်းတွေမရှိရင် ထိုင်းမှာ ဒီမတရားမှုဆိုတာက အလုပ်ရှင်ကြောင့်ဖြစ်နေတာ မဟုတ်ဘူး ကျနော်သုံးသပ်တယ်၊ ကျနော်တို့နိုင်ငံ အားနည်းချက်ကြောင့် ဖြစ်နေတယ်လို့ ကျနော်မြင်တာခင်ဗျ ၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မကောင်းရင် ၊ Factory တွေမှာ အလုပ်လုပ်လို့ အဆင်မပြေဘူးဆိုရင် လွယ်ကူတဲ့လမ်း အောက်လမ်းနဲ့ တက်တယ်၊ အလုပ်ရှာတယ်၊ အဲဒီအချိန်မှာ အဲဒီ အားနည်းချက်ကို လုပ်ငန်းရှင်က မတရားလုပ်တာပဲ။”

ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက် မနည်းရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန်းမှန်းထားပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတော့ ၄သန်းလောက်ထိ ရှိနေတယ်လို့ ပြောဆိုနေတာပါ ။ လောလောဆယ် နှစ်နိုင်ငံသဘောတူညီမူ MOU နဲ့လာပြီး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ အပြင် ထိုင်းနိုင်ငံမှာ တ၇ားဝင်အထောက်အထား လက်မှတ်လုပ်ထားတဲ့မြန်မာရွှေ့ပြောင်းလုပ်သမား သိန်းဂဏန်းလောက်ပဲရှိတာကြောင့် တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်မူတွေနဲ့ ဖမ်းဆီးခံနေရတဲ့မြန်မာအလုပ်သမားတွေနဲ့ လုပ်အားခ ခေါင်းပုံဖြတ်ခံရမူတွေကို ကြုံနေရတဲ့မြန်မာအလုပ်သမားတွေ ဟာ နေစဉ် ရာနဲ့ချီရှိနေပါတယ်။
Credit: VOA

0 comments:

Post a Comment