ပြည်သူတော်လှန်ရေးကြီးတစ်ရပ်အတွက် နိုင်ငံရေး သဘောတရားတစ်ခု၊ ဒီနိုင်ငံရေး သဘောတရားကို ဆုပ်ကိုင်နိုင်တဲ့ နိုင်ငံရေးပါတီကြီးတစ်ခု၊ ဒီပါတီတစ်ခုက မွေးထုတ်တဲ့ ကေဒါစည်းရုံးရေးသမားကောင်းများ၊ ဒီလုပ်သားများက တော်လုန်ရေးကြီး ပေါ်ပေါက်ဖို့ အခြေအနေက တောင်းဆိုနေတဲ့ အချိန်မှာ အပြင်းအထန် လိုက်လံစည်းရုံးမှုရှိမှ ပြည့်သူတော်လှန်ရေးကြီး ဖြစ်ပေါ်ပေါက်ကွဲနိုင်တယ်လို့ အစဉ်အလာက မှတ်ယူခဲ့ကြသည်။
ကနေ့ ဗမာပြည်မှာတော့ နိုင်ငံရေးသဘောတရားလဲ မရှိ၊ နိုင်ငံရေး ပါတီလဲ မပါ၊ လှုံ့ဆော်စည်းရုံးသူလည်း လုံးဝမရှိပဲနဲ့ ဗမာတစ်ပြည်လုံးမှာ ဝုန်းကနဲ ပေါက်ကွဲလာတဲ့ ပြည်သူတော်လှန်ရေးကြီး ဖြစ်ပေါ်လာခဲ့တယ်။
ဘယ်မြို့၊ ဘယ်ရွာ ဘယ်ဒေသမှာ မကျန်ဘူး။ လူရှိယင် စီတန်းလှည့်လည်ပွဲ ၊ လက်တီးလက်မောင်းတန်းပြီး ၊ တစ်ပါတီ အာဏာရှင် အစိုးရ အလိုမရှိ “သပိတ်...သပိတ် မှောက်...မှောက်” “အရေးတော်ပုံ...အောင်ရမည်” ဆိုတာတွေ ရှိတာချည်းပဲ။
ကြားကြားသမျှက အံ့ဩကြရတယ်။ အထူးတစ်ဖြင့် နိုင်ငံရေးသမားတွေ နိုင်ငံရေးကို နားလည်တယ်ဆိုတဲ့ လူကြီးတွေက ရင်သပ်ရှုမော အံ့ဩနေကြတယ်။ မအံ့ဩကြပါနဲ့။ အကြောင်းရှိလို့ အကျိုးထင်တာပါ။
(၂၆) နှစ်လုံးလုံး လူတွေကို သူတို့နဲ့ တန်းမတူတဲ့ လူအဆင့်နဲ့၊ ဒါကိုသာစား၊ ဒါကိုသာဝတ်၊ ဒီလိုသာနေ၊ ဒါကိုသာဖတ်၊ ဒါကိုသာကြည့်၊ ဒါကိုသာကြား၊ နိုင်ငံရေးသိအောင် လုပ်တာကလွဲရင် ဒုစရိုက် ဘာမဆို လုပ်ချင်ရာလုပ်ဆိုတဲ့ ဘောင်ထဲမှာ လူတွေကို တအားဖိပြီး ပုံတွင်းခဲ့တော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အဖိခံနေရတဲ့ (၇) ရက်သားသမီးတွေ ယမ်းပုံးကြီး မီးကျတော့ ထတောက်တာပဲ၊ အာဏာရှင် စနစ်ဟာ စည်းရုံးရေးသမား တစ်ယောက်လည်းဖြစ်တယ် ဆိုတဲ့ နိုင်ငံရေး အဘိဓမ္မာတရပ် တိုးတက်မှတ်သားကြရမယ်သာ ဖြစ်ပါတယ်။
မန္တလေး စာပေနှင့် အနုပညာအဖွဲ့မှ ထုတ်ဝေသော ရှစ်လေးလုံးစာစောင် အမှတ် (၁) ၃၁၊ ၈၊ ၈၈ ခုနှစ်
0 comments:
Post a Comment