Monday, September 13, 2010

အိမ်

မေမြန်မာ
အဲဒီနေ့က ငါ့ဘေးနားက ကပ်လျက်ပျံလာတဲ့ ကောင်တွေကိုကြည့်ပြီး ငါလည်း ပျော်လာခဲ့တယ်။
ကျောမှာ အပြာစင်းနဲ့ ကောင်ဆို လည်ကိုမော့လိုက် သူ့တောင်ပံညိုရင့်ရင့်တစုံကို အားယူပြီးခတ်နေတာ...
ငါတို့မျက်နှာတည့်တည့်ကို လာတိုးနေတဲ့ လေဟုန်တွေကို ဖြိုခွင်းပြီး ပျံဝဲနေပုံများ တကယ်အားရတယ်။

သူတို့ ထဲမှာ ဒီကောင်က အင်အားလည်း ကြီးပုံရပါတယ်။ ကျန်တဲ့ကောင်တွေကလည်း သူ တောင်ပံခတ်ရင် လိုက်ခတ်၊ သူက ပျံသန်းနေတဲ့အရှိန်ကို နဲနဲမြှင့်လိုက်တာနဲ့ လိုက်မြှင့်၊ သူက တည့်တည့်ပျံသန်းနေရာက လမ်းကြောင်းကို နဲနဲဝိုက်လိုက်တာနဲ့ လိုက်ဝိုက်၊ ကြည့်လို့ကလည်း ကောင်းမှကောင်း။

ငါကတော့ မကြာကြာနောက်မှာ ပြတ်ကျန်တတ်တယ်။ ငါတို့က တိမ်တွေရဲ့ အထက်ကိုလည်း ရောက်ခဲ့တယ်။ တိမ်ဖြူ တိမ်လိပ်တွေကိုလည်း တိုးဝှေ့ခဲ့တယ်။ ငါတို့ရဲ့ အောက်မှာ လူနေအိမ်တွေ၊ လယ်ကွင်းပြင်တွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ကျန်ခဲ့လေရဲ့။
အတိုင်းအဆမရှိတဲ့ ဒီမိုးကောင်းကင်ပေါ်တက်ခါစကဆို မြေပြင်နဲ့သိတ်မလွတ်သေးတော့ ပြေးလွှားဆော့ကစားနေတဲ့ ခလေးငယ်တွေရဲ့ အော်ဟစ်အားပေးသံတွေတောင် ကြားခဲ့ရသေးတယ်။ ပျံရင်းလွှားရင်း၊ အရှိန်တွေမြင့်လာခဲ့တယ်။ မောရမှန်းတောင် မသိပါဘူး။ တခါတခါ ခုနက ကျောစင်းအပြာနဲ့ကောင်က အသံပေးတယ်။ သူ့အသံက အကျယ်ကြီးဘဲ။
နားထောင်လို့တောင် ကောင်းသေး။ သူ့တဖက်တချက်က ကောင်တွေကလည်း သူ့အသံကိုကြားတာနဲ့ လိုက်အော်ကြတယ်။
ဆူညံနေတာဘဲ။ ကောင်းကင်တခွင်လုံး ငါတို့အုပ်စုပဲရှိသလို ထင်ရတယ်။

သူတို့အော်တိုင်း ငါလိုက်မအော်ခဲ့မိဘူး။ အော်ဘို့ မေ့လောက်အောင် ငါပျော်နေလို့။ နောက်တခါတော့ ငါလိုက်အော်မယ်။
ဒီလိုနဲ့ တော်တော်လေးကြာလာတော့ ပျံသန်းနေတဲ့အရှိန်ကို ရုတ်တရက် ကျောစင်းပြာကောင်က လျှော့ချလိုက်တယ်...။
ကျန်တဲ့ကောင်တွေလည်း လိုက်လျှော့တယ်။ ငါလည်း လိုက်လျှော့ရတော့တာပေါ့။ ခုမှသတိထားမိတယ်။ မြေပြင်နဲ့ တော်တော်နီးနေပြီ။ အချိန်ကလည်း နေတောင်ဝင်စပြုနေပြီပဲ။

သူတို့ ပျံသန်းလာတဲ့အရှိန်ကို တဖြေးဖြေးချင်းချပြီး သစ်တောအုပ်တအုပ်ရဲ့အစပ်မှာ ခြေချလိုက်ကြတယ်။
ခြေကျသွားတဲ့အချိန်မှာ ကျောစင်းပြာက ရပ်နားဖို့အတောင်ခေါက်ရင်း အသံတချက် အကျယ်ကြီး အော်လိုက်တယ်။ ကျန်အကောင်တွေ လိုက်အော်တယ်။ သူတို့အော်သံမှာ ပျော်ရွှင်မှုတွေ အပြည့်ပဲ။ အဲဒါနဲ့ ငါလည်း သတိတရ၊ ဝမ်းသာအားရ လိုက်အော်လိုက်တယ်။ ဒါပေမယ့် သူတို့အားလုံးရဲ့ အော်သံတွေကြားမှာ ငါ့အသံက တဘာသာထွက်လာတယ်။
ငါ့ရဲ့အသံကြောင့် အားလုံးတိတ်သွားတယ်။ ကျောစင်းပြာကစပြီး ငါ့ကို လှည့်ကြည့်လိုက်တယ်။
ကျန်တဲ့အကောင်တွေကလည်း အခုမှ သတိထားမိပြီး ငါ့နားကို ရောက်လာကြတယ်။

ငါ့ဘေးပတ်ပတ်လည်မှာ သူတို့အားလုံး ဝိုင်းမိသွားကြပြီ။ ငါကြောက်ဖို့တောင်မေ့ပြီး ရပ်နေမိတယ်။ သေချာကြည့်တော့မှ သူတို့အားလုံးဟာ အညိုရောင်အမွှေးအတောင်တွေနဲ့ ကိုယ်လုံးကိုယ်ထည် ငါ့ထက်ကြီးမားတဲ့ကောင်တွေ ဖြစ်ပြီး
သူတို့ကြားမှာ ငါ တကောင်ထဲ တကိုယ်လုံးဆွတ်ဆွတ်ဖြူနေခဲ့တယ်။ ရန်သူဆိုပြီး အားလုံးက သူတို့နှုတ်သီးတွေနဲ့ ငါ့ကို ထိုးဆိတ်တော့မယ့်ပုံနဲ့ ငါ့အနားချက်ချင်းဆိုသလို ဒေါသတကြီး ခုန်ပေါက်ချဉ်းကပ်လာကြတယ်။ ဒေါသနဲ့ ခတ်နေတဲ့ တောင်ပံတွေရဲ့ အရှိန်က ပြင်းလွန်းလို့ ငါ့ကိုယ်သေးသေးလေး လဲပြိုမတတ်ဖြစ်နေတယ်။ ငါ ဘာမှ မတတ်နိုင်တော့ဘူး။ ငါ့မျက်လုံးကိုစုံမှိတ်လိုက်တယ်။ အဲဒီအချိန်မှာ ခနနေကြဦး၊ အားလုံးရပ်လိုက်ဆိုတဲ့ အသံက အောင်မြင် ခန့်ညားစွာ ထွက်လာတယ်။

ငါ မျက်လုံးမရဲတရဲ ဖွင့်ကြည့်လိုက်တယ်။ ကျောစင်းပြာက ငါ့ရှေ့တည့်တည့်ရောက်နေပြီ။ သူက ဘာလို့ ငါတို့နဲ့ ပါလာတာလဲ။ အမှန်အတိုင်း ဖြေရင်ဖြေ၊ မဖြေရင်...ဆိုပြီး ငါ့ခေါင်းကို သူ့ရဲ့ ချွန်ကောက်နေတဲ့ နှုတ်သီးနဲ့ ရွယ်လိုက်တယ်။ ဘေးကကောင်တွေကလည်း အသေသတ်တော့မယ့်ပုံနဲ့ ငါ့အဖြေကို စောင့်နေကြတယ်။

ငါ ရှိသမျှအင်အားနဲ့ ရင်ကိုကော့ပြီး အသက်တချက်ပြင်းပြင်းရှူသွင်းလိုက်ပြီးမှ ဖြေလိုက်တယ်။ ကျုပ်မှာ ပြန်စရာ အိမ်မရှိလို့၊ အိမ်ပြန်ကြတော့မယ့် ခင်ဗျားတို့ နောက်လိုက်လာမိတာပါဗျာ...။

0 comments:

Post a Comment