ရိုးမ၃၊ ၈ ရက် ဇွန်လ ၂၀၀၉ ခုနှစ်
|  | 
| ကိုမိုးဆွေမှ ၂၀၀၉ မေးဒေးနေ့အခမ်းတခုတွင် စကားပြောနေစဉ် | 
 ဘာကြောင့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကို ထူထောင်ခဲ့တယ်ဆိုတာကို ပြောပြပေးပါ။
၁၉၉၇  ခုနှစ်မှာ အာရှစီးပွားပျက်ကပ်ဖြစ်တော့ အဲဒီ ယိုင်လဲမှုက ထိုင်းနိုင်ငံကိုပါ  ထိခိုက်လာတယ်။ အဲလိုတွေ ဖြစ်လာတော့ မြန်မာအလုပ်သမားတွေက ပိုပြီးထိလာတယ်။  အလုပ်ပြုတ် ကြတယ်၊ ထိုင်းရဲတွေက ဖမ်းနဲ့ တချို့ ဘဝတွေ ပျက်ကြတယ်။ အဲဒါတွေက  ကျနော်တို့မျက်စိအောက်မှာပဲ ဖြစ်နေကြတာ တွေ့ရတဲ့အခါကျတော့ ကျနော်တို့  အနေနဲ့ တစ်ခုခုကို လုပ်ရမယ်ဆိုတာကို အတွေးဝင်လာပါတယ်။ တချိန်တည်းမှာပဲ  မဲဆောက်မှာရှိတဲ့ စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေက  မတရား ဖိနှိပ်စော်ကားတာတွေ၊ အနိုင်ကျင့်တာတွေ၊ မတရား သတ်ဖြတ်တာတွေ  ခံရတာတွေရှိတယ်။ သူတို့အတွက် တစုံတခု လုပ်ပေးရမယ်။ အလုပ်သမားတွေကလဲ အင်အားက  ပြန့်ကျဲနေကြတယ်။ သူတို့ကို စုစည်းပြီး  သူတို့အခွင့်အရေးအတွက်  သူတို့ကိုယ်တိုင် တိုက်ပွဲဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၉ ခုနှစ်မှာ  တည်ထောင်ခဲ့တာ ဖြစ်တယ်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ကို  တည်ထောင်ခဲ့တာ အခု (၁၀) နှစ်ပြည့်ပြီဆိုတော့ ဒီကာလအတွင်း အဖွဲ့အစည်းအနေနဲ့  ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့တာတွေကို ပြောပြပေးပါ။
ဦးမိုးဆွေ
ထူးထူးခြားခြား  လုပ်ဆောင်ပေးနိုင်ခဲ့တာကတော့ မဲဆောက် ဒေသတွင်းမှာရှိတဲ့ လုပ်အားခ  ဆုံးရှုံးနေတဲ့၊ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အလုပ်သမား စုစုပေါင်း  ၁၈၃၅ ဦးရဲ့ အမှု ၁၃၇ မှုကို ကျနော်တို့ လိုက်ပါဆောင်ရွက် ပေးနိုင်ခဲ့တယ်။  သူတို့ကို အလုပ်ဖြုတ်လိုက်တဲ့အတွက် နစ်နာကြေးတွေအတွက် လျော်ကြေး ၁၀,၇၃၇,၀၀၀  (ဆယ်သန်းခုနှစ်သိန်း သုံးသောင်း ခုနှစ်ထောင်) ဘတ်ကို ပြန်ရအောင်  လုပ်ဆောင်နိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ အလုပ်သမားတွေကြားထဲမှာ  သာရေးနာရေးလုပ်ငန်းလေးတွေကို စုဖွဲ့ပြီး လုပ်ပေးနိုင်ခဲ့တယ်။  တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုတွေကို  အသိမှတ်ပြုခံရတဲ့အနေနဲ့ (၈) ကြိမ်မြောက် တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆုကို  ရောင်ခြည်ဦးက ရရှိခဲ့ပါတယ်၊
အလုပ်သမားတွေကြားမှာ  နားလည်မှု၊ စည်းလုံးမှု၊ စစ်မှန်တဲ့ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး၊ မြန်မာပြည်  ဒီမိုကရေစီရေး စတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို ဘယ်လောက် အောင်မြင်အောင်  လုပ်ဆောင်နိုင်ခဲ့ပါသလဲ။
ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို  အကောင်ထည်ဖော် ဆောင်ရွက်တာနိုင်ခဲ့တာနဲ့ပတ်သက်လို့ အလုပ်သမားတွေကြားထဲမှာ  အရင်တုန်းက အလုပ်သမားအခွင့်ရေးအတွက် တောင်းဆိုတာ တော်တော်ကို ရှားပါးတယ်။  အခုနောက်ပိုင်းကာလတွေမှာ စက်ရုံမှာ အလုပ်ရှင်တွေက မတရားတာလုပ်လာရင်  အလုပ်သမားတွေက အားလုံး စုစုစည်းစည်းနဲ့ ငါတို့အခွင့်ရေးအတွက်  တိုက်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ်တွေ ပေါ်လာတယ်။ 
နောက်  အလုပ်သမားတွေကြားထဲမှာ အစုအဖွဲ့လေးတွေ လုပ်ရမယ်ဆိုတဲ့ အယူအဆတွေ ရှိလာပြီး  နေရာတော်တော်များများမှာ သာရေးနားရေး ပုံစံလေးတွေကို  ကျနော်တို့ကိုယ်တိုင်ကလည်း စုဖွဲ့ပေးနိုင်ခဲ့တယ်။ မဲဆောက်ဒေသမှာဆိုရင်  နေရာ ၁၀ ခုလောက်ခွဲပြီး လုပ်နိုင်ခဲ့တယ်။ ဘန်ကောက်ဒေသခွဲတွေနဲ့ စူရတ်ဌာနီ၊  ရနောင်းဘက်တွေမှာ အလုပ်သမားအစုအဖွဲ့လေးတွေ စပြီးလုပ်ဆောင်လာတာ တွေ့ရတယ်။  အရင်ကဆို အလုပ်သမားတွေက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရမှာ  ကြောက်ကြတယ်။ အခုနောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ  အလုပ်သမားတွေက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာတာ တွေ့ရတယ်။
အဲဒီလို ဆောင်ရွက်ခဲ့တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလဲ။
အခက်အခဲက  သူတပါးနိုင်ငံမှာ ရပ်တည်ရတော့ စက်ရုံတွေထဲမှာ အလုပ်သမားတွေကို တရားဝင်  ဝင်ရောက် စည်းရုံးလို့မရဘူး။ အဲတော့ အပြင်ခေါ်ထုတ်ပြီး သွားတွေ့ရတယ်။  အဲဒီနေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေရဲ့  ကြေးစားလူမိုက်တွေရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ခံရတယ်။ တဖက်ကလည်း  အလုပ်သမားတွေကြားထဲမှာ မြန်မာပြည်ကိုပြန်ရင် အဖမ်းခံရမလားဆိုတဲ့  အကြောက်တရားကြောင့် ကျနော်တို့ ဟောပြောပွဲတွေမှာ  ဝင်ရောက်ပူးပေါင်းပါဝင်ခြင်း မရှိတာတွေ ကြုံရပါတယ်။
အဖွဲ့အစည်းအနေနဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် ဆောင်ရွက်ရာမှာ ဘယ်လိုအားသာချက်တွေ ရှိခဲ့ပါသလဲ။
အားသာချက်တွေကတော့  အများအားဖြင့် အလုပ်သမားတွေကိုယ်တိုင် ကြောက်ရွံ့နေတယ်ဆိုပေမယ့်  ကျနော်တို့ လှုပ်ရှားမှုအားလုံးကို ထောက်ခံတယ်၊ အားပေးတယ်ဆိုတာ တွေ့ရတယ်။  တချို့ဆိုရင် ကျနော်တို့လှုပ်ရှားမှုတွေအတွက် ဖုန်းဆက်စာရေးပြီး  ပြောကြာတာရှိတယ်။ သူတို့ ထောက်ခံတယ်။ တခြားဒေသတွေမှာဆို ကျနော်တို့  သွားလာရင်းနဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့လို့ ပြောတာနဲ့ လိုလိုလားလား  ကူညီကြတာတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးအတွက် ဘယ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့ပါသလဲ။
အလုပ်သမားကာကွယ်ရေးအတွက်  ဒေသတွင်းမှာရှိတဲ့ အလုပ်သမားရေးရာလုပ်တဲ့ ထိုင်း NGOs ၁၃ ဖွဲ့  ပူးပေါင်းလုပ်ဆောင်ထားတဲ့ ရွှေ့ပြောင်းရေးရာ အလုပ်သမားအဖွဲ့မှာ ကျနော်တို့  ရောင်ခြည်ဦးက အဖွဲ့တခုအနေနဲ့ ပါတယ်။ အဲဒီအပြင် အလုပ်သမားရေးအတွက်  စည်းရုံးလှုံဆော်ရေးတွေမှာ ပါဝင်ဆောင်ရွက်တယ်။ အာရှ ၁၃ နိုင်ငံမှာ  ဖွဲ့ထားတဲ့ ATNC အဖွဲ့မှာလည်း ကျနော်တို့ အဖွဲ့ဝင်အဖြစ်ပါပြီး  အလုပ်သမားရေးရာတွေ လုပ်တယ်။ အခုလက်ရှိ ဆွီဒင်နိုင်ငံမှာရှိတဲ့ အလုပ်သမား  မြှင့်တင်ရေးအဖွဲ့ဖြစ်တဲ့ ADS အဖွဲ့နဲ့ ပူးပေါင်းပြီး  မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေတာတွေ  ရှိပါတယ်။
မြန်မာပြည်ကနေ ထိုင်း-မြန်မာ  နယ်စပ်တလျှောက် အလုပ်လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား  အရေအတွက်ဟာ ရောင်ခြည်ဦးအဖွဲ့ရဲ့ မှတ်တမ်းများအရ အတိုးအလျှော့ ရာခိုင်နှုန်း  ဘယ်လောက်ရှိပါသလဲ။
ကျနော်တို့ သိသလောက်ဆိုရင် ၁၉၉၅  ခုနှစ်မှာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားဦးရေ ၈ သိန်းလောက်ပဲ ရှိတယ်။  ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်မှာ အလုပ်သမားဦးရေ တသန်းခွဲကျော် ဖြစ်လာတယ်။ အခု  ၂၀၀၉ ခုနှစ်အထိဆိုရင် ၂  သန်းခွဲကနေ အထက်ကို ဖြစ်လာတာ  ခန့်မှန်းတွေ့ရှိရပါတယ်။
မြန်မာပြည်  နိုင်ငံရေးအခြေအနေတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ထပ်တိုးလာနိုင်သလား။  ဒါမှမဟုတ် နည်းသွားနိုင်သလားဆိုတာကို ရောင်ခြည်ဦး  အလုပ်သမားများအဖွဲ့အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။
ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်  ထိုင်းနိုင်ငံမှာလဲ ထိခိုက်မှုရှိတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာတော့ တစုံတရာ  ထိခိုက်တယ်ဆိုပေမဲ့ လုပ်ငန်းခွင်တွေကတော့ ဆက်လက်လည်ပတ်နေတာရှိတယ်။  မြန်မာပြည်မှာတော့ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဘယ်လိုပဲ အလုပ်ကိုင်တွေ  ဖန်တီးပေးတယ်ပြောပြော လက်တွေ့မှာတော့ မြန်မာပြည်မှာ  အလုပ်ကိုင်ရှားပါးမှုတွေ၊ ကုန်ဈေးနှုန်း ကြီးမားမှုတွေကြောင့် မြန်မာပြည်ထဲက  အလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို ထွက်လာကြမယ်၊ ထိုင်းနိုင်ငံ ထဲမှာကလည်း  ကမ္ဘာစီးပွားပျက်ကပ်ကြောင့် အကြပ်အတည်း ထပ်ကြုံရဦးမယ်လို့  ကျနော်တို့မြင်ပါတယ်။
အခုကာလဟာ  တကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဆိုတော့ အဲဒီကာလမှာ  အလုပ်သမားတွေအတွက် ဘယ်လိုအကူအညီတွေ လုပ်ဆောင်ပေးနေပါသလဲ။ အနာဂတ်  အလုပ်သမားရေးတွေအတွက် ဘာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါသလဲ။
ရောင်ခြည်ဦး  အလုပ်သမားများအဖွဲ့ အနေနဲ့ကတော့ အဲလိုတွေ ဖြစ်လာတဲ့အခါမှာ  အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓါတ်၊ စည်းလုံးညီညွတ်တဲ့  စိတ်ဓါတ်တွေကတော့ အရေးအကြီးဆုံးပါပဲ။ ‘ကမ္ဘာမီးလောင် သားကောင်ချနင်း’  ပုံစံမျိုးမဟုတ်ဘဲနဲ့ ကိုယ့်အချင်းချင်း ကူညီကြမယ်ဆိုတဲ့  သမဂ္ဂစိတ်ဓါတ်တွေနဲ့ ကျနော်တို့ ရုန်းကန်ကြိုးစားမယ်ဆိုရင်တော့  ကျော်ဖြတ်နိုင်မယ်လို့ ယူဆပါတယ်။
ထိုင်း-မြန်မာ  နယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့  မြန်မာအလုပ်သမားတွေအတွက်ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေနဲ့  ဘာများပြောချင်ပါသလဲ။
ထိုင်းနိုင်ငံအတွင်းမှာ ရောက်နေတဲ့  မြန်မာအလုပ်သမားတွေကို ပြောချင်တာကတော့ ကိုယ့်အိမ်မှာ မကောင်းလို့  သူများအိမ် လာနေကြရတာ။ အဲလိုနေတဲ့အချိန်မှာ အချင်းချင်း ခေါင်းပုံဖြတ်  အနိုင်ကျင့်တာတွေကို ရှောင်ကျဉ်စေချင်တယ်။ အားလုံး စုစုစည်းစည်းနဲ့  ရိုင်းပင်းကူညီသင့်တယ်။ ကိုယ့်အိမ်မကောင်းလို့ သူများအိမ်မှာ နေမယ်ဆိုတာထက်  ကိုယ့်အိမ်ကောင်းဖို့ ဘယ်လိုပြုပြင်မလဲဆိုတဲ့  ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်ကြပါလို့  တိုက်တွန်းပြောကြား လိုပါတယ်။
×××××××××× 
(ထိုင်းနိုင်ငံ  နယ်စပ်တလျောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်တွေမှာ  အကြောင်းအမျိုးမျိုးကြောင့် လာရောက် အလုပ်လုပ်ကိုင်နေကြရတဲ့  မြန်မာအလုပ်သမားများရဲ့ အခြေအနေအသေးစိပ်ကို ရောင်ခြည်ဦး  အလုပ်သမားများအဖွဲ့ရဲ့ တာဝန်ခံ ဦးမိုးဆွေအား  ဆက်သွယ်မေးမြန်းခွင့်ရသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း  ဖော်ပြအပ်ပါသည်)










 
 
 
 
 
 
0 comments:
Post a Comment