၁၈ရက် ၁၂လ ၂၀၁၁ခု ညနေ ၃း၀၀ အချိန်တွင် မဲဆောက်မြို့ရှိ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရုံးတွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားကို ရောင်ခြည်ဦးအဖွဲ့နှင့်အတူ အလုပ်သမားရေး ဆောင်ရွက်နေသောအဖွဲ့များပူးပေါင်းကာ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များမှ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့နှင့် ဆက်စပ်၍ သိသင့်သိထိုက်သောအကြောင်းအရာများ၊ မဲဆောက်ရှိရွှေ့ပြောင်းအလုပ်သမားများ သိသင့်သိထိုက်သောအရာများအား ပြောကြား ခဲ့သည်။ ထို့အပြင် မဲဆောက်မြို့တွင် အလုပ်လုပ်နေသောအလုပ်သမားတစ်ယောက်မှ လုပ်ငန်းခွင်တွင်ထိခိုက်ဒါဏ်ရာရရှိ၍ အလုပ်ရှင်အား ပြန်လည်တရားစွဲဆို၍ တရားရင်ဆိုင်နေရသည့်အတွေ့အကြုံကိုတက်ရောက်လာသော အခြားအလုပ်သမားများ သိစေရန်ဝေမျှခဲ့သည်။ ထို့နောက်တရားရင်ဆိုင်ပြီး နစ်နာကြေးပြန်ရခဲ့သည့် အခြားအလုပ်သမားတစ်ယောက်မှလည်း ၎င်းကြုံတွေ့ခဲ့ရသည့် တရားစွဲစဉ်အတွေ့အကြုံ နှင့် အမှုနိုင်ခဲ့ပုံများကိုပြောကြားခဲ့သည်။ ထို့နောက် အလုပ်ရှင်အားမကျေနပ်ပါက မည်သို့မည်ပုံပြန်လည်တရားစွဲဆိုနိုင်ကြောင်း၊ ရောင်ခြည်ဦး ကဲ့သို့သော အလုပ်သမားရေးရာဆောင်ရွက်နေသည့်အဖွဲ့အစည်းများအား အကူအညီတောင်းသင့်ကြောင်း ပြောကြားသွားခဲ့သည်။
အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် သိုးမွှေးစက်ရုံမှအလုပ်သမားများက ပါဝင်ဆင်နွှဲခဲ့ကြသည်။ ရောင်ခြည်ဦး အလုပ် သမားများအဖွဲ့မှစီစဉ်သော အလုပ်သမားရေးရာ ပဟေဠိဉာဏ်စမ်းပွဲတစ်ခု ပါဝင်ခဲ့သည်။ ထို ပဟေဠိပွဲတွင် အလုပ်သမားများ၏အခွင့်အရေး၊ ရပိုင်ခွင့်၊ အကူအညီတောင်းရန် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့အကြောင်း အမေးအဖြေများကို မေးမြန်း ခဲ့သည်။ အလုပ်သမားရေးရာ ပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆုအဖြစ် နှစ်ထောင်ဘတ်၊ ဒုတိယဆုအဖြစ် တစ်ထောင်ဘတ်နှင့် တတိယ ဆုအဖြစ် ငါးရာဘတ်ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ချီးမြှင့်ခဲ့သည်။ ထို့အပြင် နောင်လာမည့်အခမ်းအနားများတွင်လည်း ယခုကဲ့သို့ အလုပ်သမားရေးရာ ပဟေဠိများပြုလုပ်မည့်အကြောင်းပြောကြား၍ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်ဆိုင်ရာများ ဖတ်ရှုလေ့လာကြဖို့ တိုက်တွန်းခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သော ဘောလုံးအသင်းများနှင့် ပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်များပြုလုပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့သည်။
0 comments:
Post a Comment