၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့ကို နောက်ဆုံးထားပြီး ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားများဟာ ယာယီပတ်စပို့စ်ကို ပြုလုပ်ရ တော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ယာယီပတ်စပို့စ် ပြုလုပ်တဲ့အခါ လုပ်ဆောင်ရမယ့် စာရွက်စာတမ်းကိစ္စများနဲ့ ပေးဆောင်ရမယ့် ငွေကြေး ဆိုင်ရာ ကိစ္စတွေကို ကျနော်တို့ရဲ့ ညီအကိုမောင်နှမ ရွှေ့ပြောင်းအလုပ်သမားများ သိရှိဖို့အတွက် " ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ " မှ ဥပေဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်နဲ့ တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
(မေး) ယာယီပတ်စပို့စ် လုပ်ဆောင်တဲ့အခါ လိုအပ်မည့် စာရွက်စာတမ်းတွေကို ပြောပြပေးပါ။
(ဖြေ) ဟုတ်ကဲ့၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ နေထိုင်ခွင့် (ထောရော ၃၈/၁) မိတ္တူ၊ အလုပ်သမားရှာဖွေခန့်ထားရေးရုံးက ပေးတဲ့
ငွေသွင်းဖြတ်ပိုင်း၊ ၂ လက်မ အရွယ် ဓါတ်ပုံ (၁၀) ပုံ နဲ့ မြန်မာနိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တို့ဖြစ်ပါတယ်။
(မေး) ယာယီပတ်စပို့စ် လုပ်ဆောင်တဲ့အခါ မှာကုန်ကျမယ့် ငွေကြေးပမာဏကို ပြောပြပေးပါ။
(ဖြေ) တရားဝင် သတ်မှတ်ထားတာတော့ မြန်မာပြည်ဘက်ခြမ်းမှာ ကျပ်ငွေ (၃၀၀၀) ၊ ထိုင်းဘက်ခြမ်း စာရွက်စာတမ်းကြေး ဘတ် (၁၀၀)၊
ဗီဇာ (၂) နှစ်သက်တမ်းအတွက် ဘတ် (၅၀၀)၊ စုစုပေါင်းခန့်မှန်းခြေဆို ဘတ် (၇၅၀) လောက်ဖြစ်သွားမှာပေါ့ ဒါပေမယ့် လောလောဆယ်
လက်ရှိ အပြင်မှာ ဗီဇာ စာအုပ်လုပ်ပေးတဲ့ ကုမ္ပဏီတွေမှာ သွားလျှောက်ရင် ကုန်ကျတာက စာအုပ်လက်ထဲရောက်တဲ့အထိ စုစုပေါင်း
ဘတ် (၅၀၀၀) ကုန်ကျ ပါတယ်။ ဒါက ယာယီပတ်စပို့ ရပြီးတဲ့အဆင့်ပေါ့နော်။
စာအုပ်ရပြီဆိုရင် ရက် (၃၀) အတွင်း ထိုင်းဘက်ခြမ်းမှာ ကျနော်တို့ အရင်လိုဘဲ ဆေးရုံကြီးမှာ ၁ နှစ်အတွက် ကျန်းမာရေးစစ်ဆေးခ ဘတ် (၆၀၀) နဲ့ ကျန်းမာရေး အာမခံအတွက် ဘတ် (၁၃၀၀)၊ အလုပ်သမားရှာဖွေ ခန့်ထားရေးရုံးမှာ အလုပ်လုပ်ကိုင်ဖို့လျှောက်လွှာခ ဘတ် (၁၀၀)၊ နောက် အလုပ်လုပ်ခွင့်လက်မှတ်အတွက် ဘတ် (၁၈၀၀) တို့ ထပ်ပြီး ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါက အလုပ်လုပ်ခွင့် သက်တမ်း ၂ နှစ်စာအတွက် ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက တရားဝင်ကုန်ကျမယ့်စရိတ်နဲ့ လက်ရှိကုန်ကျတဲ့စရိတ် ကွာခြားနေတာလေး နည်းနည်းပြောပြချင်တယ်။ အဲဒါကတော့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအပေါ်မှာ အများကြီးမူတည်တယ် အဓိကတော့ ထိုင်းအစိုးရပေါ့ ဘာကြောင့်လဲဆိုတော့ အခု ပတ်စပို့စ်လုပ်တဲ့ အဆင့်တွေကို ထိုင်းအစိုးရအနေနဲ့ လုပ်ရမှာဖြစ်တယ် ဒါပေမယ့် ထိုင်းအစိုးရက တရားဝင်ရုံးအနေနဲ့ မလုပ်ပဲနဲ့ ကြားခံအေးဂျင့် ပတ်စပို့စ်လုပ်ပေးတဲ့ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်။ အဲဒါကြောင့် အခုလို ကုန်ကျနေတာဖြစ်တယ်လို့ ပြောချင်ပါတယ်။
ယာယီပတ်စပို့လုပ်ဆောင်ကြ ရမယ့် ရွှေ့ပြောင်းအလုပ်သမားများအတွက် " ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့" မှ ကိုထွေးနိုင်
ဖြေကြားပေးသွားတာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုတယ်ဆိုရင် " ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ "ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်
ပါတယ်။
0 comments:
Post a Comment