လှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံတွင် ဖြစ်ပွားနေသော ၄ရက်ဆက်တိုက် ဆန္ဒပြမှု နှင့် ပတ်သတ်ပြီး ဥပဒေကြောင်းမှ ဆက်လက်တောင်း ဆိုသွားမည်ဟု သိရသည်။ ထိုဆန္ဒပြမှုတွင် ပါဝင်ကူညီ ပေးခဲ့သော မစုစုနွေးမှ “နှစ်ဦးနှစ်ဖက် မနစ်နာအောင် ကျမတို့က ကြားထဲကနေ ဆောင်ရွက်ပေးတာပါ။ ကျမတို့က နှစ်ဦးနှစ်ဖက် နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတာကို လက်မခံဘူး၊ အလုပ်ရှင်က ဒီအတိုင်းပဲ တောင့်ခံထားမယ်ဆိုရင် အလုပ် ပိတ်လိုက်ရလို့ရှိရင် အလုပ်ရှင်လည်း ထိခိုက်မယ်၊ အလုပ်သမားတွေလည်း ထိခိုက်မယ်။ အလုပ်သမားတွေက မိန်းကလေးတွေ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ မရှိလို့ရှိရင် မိန်းကလေးတွေရဲ့ ဘဝလုံခြုံရေးက နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိသလို ဒီစက်ရုံမှာလည်း တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။”
အဲဒါကြောင့်မို့ ကျမတို့က ဒီအမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးပါ တွက်ပြီး ဥပဒေပညာရှင်ကို ခေါ်ပြီးတော့ အလုပ်သမားတွေဘက်က ဆွေးနွေးပေးဖို့ ဆုံးဖြတ်ချက် ချထားတာ။ မနက်ဖြန်ကနေ စပြီးတော့ တောင်းဆိုမှာ။ ကျမတို့ စာတွေလည်း တင်မယ်၊ လှိုင်သာယာ အလုပ်သမားရုံးတွေရော၊ နေပြည်တော် အလုပ်သမားဝန်ကြီးတွေအထိ စာတင်မယ်။ အိုင်အယ်လ်အိုကိုလည်း ကျမတို့ မိတ္တူပို့မယ်။” လို့ထပ်လောင်းပြောဆိုပါတယ်။
အလုပ်သမားတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ တနာရီလုပ်ခကို ၂၅၀ ကျပ် ပေးဖို့၊ ၁ လလုံး ပျက်ရက်မရှိရင် ပေးတဲ့ ရက်မှန်ကြေး ၆,၀၀၀ ကျပ်ကို နှစ်ဆတိုးပေးဖို့၊ အလုပ်စည်းကမ်းတွေ တင်းကျပ်လွန်းတာတွေကို လျှော့ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အခုအချိန်ထိ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို နဂိုက ၇၅ ကျပ် ပေးနေတာကို ၁၀ ထပ်တိုးပေးနိုင်မယ်၊ ရက်မှန်ကြေး တလ ၆,၀၀၀ ကျပ်ပေး နေတာကိုလည်း နောက်ထပ် ၁၀၀၀ တိုးပေးမယ်လို့ လိုက်လျောမှုကို မလုံလောက်ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
မနေ့က အလုပ်ရှင်ကိုယ်စားလှယ်က အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်မ၀င်ရင် အလုပ်ဖြုတ်မယ်လို့ နှုတ်နဲ့ သတိပေးထားပြီး ဒီနေ့မှာတော့ စာကပ်ထားတာကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် ဆွဲစုတ်ခဲ့ကြတယ်လို့မျက်မြင်တွေက ပြောပါတယ်။
ဒီနေ့အလုပ်သမားတွေက ၄ ရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေပေမယ့် အလုပ်ရှင်ဘက်က လာရောက် ဖြေရှင်းတာမရှိဘဲ အစိုးရ အာဏာပိုင်တွေလို့ ယူဆရသူတွေက ဆန္ဒပြအလုပ်သမားတွေကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် ၃ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ အခုလို ၄ ရက်ဆက်တိုက် ဆန္ဒပြနေတဲ့အချိန်မှာ ဇုန် ၄ ထဲက (နယူးဝေး – new way) ဖိနပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်အားခတိုးပေးဖို့ ဒီနေ့ကစပြီး ဆန္ဒပြနေတယ်လို့သိရပါတယ်။
News Credit>>> DVB
Photo Credit>>> BURMA VJ MEIDA
0 comments:
Post a Comment