Friday, March 16, 2012

ထိုင်းရောက်မြန်မာအလုပ်သမား သက်တမ်းတိုးရေးရုံးထပ်ဖွင့်


ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို နိုင်ငံသားစီစစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ဘန်ကောက်အပါအ၀င် မြို့ကြီး ၅ မြို့မှာ ရုံးသစ်ဖွင့်ပြီးလုပ်ပေးဖို့ မြန်မာဝန် ထမ်းတွေ ရောက်နေ ပြီဖြစ်ပေမယ့် လက်တွေ့ အကောင် အထည်ဖော်လုပ်လို့ မရသေးဘူးဖြစ်နေပါတယ်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့ကစပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမွန်ပကန်းနဲ့ စူရတ်ထာနီမြို့တွေမှာ နိုင်ငံသားစီစစ်ရေး ရုံးတွေဖြစ်ပြီး အလုပ်သမားတွေ အတွက် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတဲ့ အတိုင်း မြန်မာအလုပ် သမားဝန်ကြီးဌာနက ၀န်ထမ်းအယောက် ၄၀ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပြီဖြစ်တယ်။ အခုအချိန်အထိ တရားဝင်ရုံးဖွင့်ပြီး အကောင်အထည်ဖော်လုပ်ဆောင်ပေးဖို့ ထိုင်းဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ ဘန်ကောက်မြန်မာ သံရုံးဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ်ခီးယန်းဖွန်က အခုလို နှောင့်နှေးခဲ့ရတာကတော့ အလုပ်သမားတွေအတွက် မြန်မာအစိုးရက ထုတ်ပေးမယ့် ယာယီနိုင်ငံ ကူးလက်မှတ်ကို ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက အသိအမှတ်ပြုတဲ့ စာထုတ်ဖို့ အချိန်ကြာမြင့်သွားတယ်။ အစိုးရရုံးလုပ်ငန်းအရ ဒီလိုနှောင့်နှေးခဲ့ပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ ရုံးတွေတရား ၀င်ဖွင့်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်တော့မှာ ဖြစ်တယ်လို့  ဘီဘီစီ ကို ပြောသွား တာ ဖြစ်ပါတယ်။
အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်ကို အခုထုတ်ပေးထားတဲ့ အနီရောင်အစား ခရမ်းရောင် အဖြစ်ပြောင်းလဲ ထုတ်ပေးမှာဖြစ်တယ်။ ထိုင်းပြည်ဝင်ခွင့် ဗီဇာက ၂ နှစ်သက်တမ်းရှိပြီး ဗီဇာကြေး ကတော့ ဘတ် ၅၀၀ ဖြစ်ပါတယ်။
မြန်မာအလုပ်သမား ၇ သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီဖြစ်တယ်။ နောက်ထပ် ထုတ်ပေးဖို့ ကျန်သူ ၇ သိန်းကျော်ကို လာမယ့် ဇွန်လ ၁၄ ရက်နေ့အတွင်း ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်လိမ့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းပြောပါတယ်။

Credit To.....BBC

0 comments:

Post a Comment