ထိုင်းနိုင်ငံ ရပ်ချဘူရီ သတ္တုစက်ရုံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ လောက်ဟာ ခံစားခွင့် လစာငွေနဲ့ ပတ်သက်ပြီး ၃ ရက်ကြာ ဆန္ဒပြခဲ့ကြရာမှာ ရဲတွေက ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ အလုပ်သမားတွေက ခံစားခွင့်ရှိတဲ့ ငွေတွေကို ပုံမှန်အတိုင်း ပြန်ပေးဖို့ ဆန္ဒပြရာမှာ ထိုင်းရဲက ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။ အရင်က ပုံမှန်နေ့စားခ ၁၉၀ ဘတ် ရစဉ်က သတ္တုစက်ရုံက အလုပ်သမားတဦးဟာ ခံစားခွင့်အဖြစ် ရက်မှန်ကြေး ၉၀ ဘတ်နဲ့၊ အပူနဲ့ အနီးကပ် လုပ်ဆောင်နေတဲ့ သူတွေအတွက်ကို ဘတ် ၈၀ ပေးခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန် နေ့စားခ ၂၅၁ ဘတ် သတ်မှတ်ပေးခဲ့တဲ့နောက်ပိုင်း စက်ရုံက အလုပ်သမားတွေ ခံစားခွင့်ရတဲ့ ရက်မှန်ကြေးကို ၂၉ ဘတ်နဲ့ အပူနဲ့လုပ်ဆောင်ရတဲ့ သူတွေအတွက် ၇၀ ဘတ် ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ပုံမှန်နေ့စားခ တိုးပေးလိုက်ပေမယ့် တကယ်တမ်းမှာတော့ ရက်မှန်ကြေး ခံစားခွင့် ၆၁ ဘတ်နဲ့ အပူခ ၁၀ ဘတ် စုစုပေါင်း ၇၁ ဘတ်လောက် နစ်နာခဲ့ရပါတယ်။ စုစုပေါင်း လုပ်အားခနဲ့တွက်ရင်လည်း ၁၀ ဘတ်လောက် နစ်နာခဲ့ပါတယ်။
အလုပ်သမားတွေဟာ ရက်မှန်ကြေးနဲ့ အပူခတွေကို အရင်ပေးနေကြအတိုင်း ပြန်လည်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်နေက အခြေအနေကို အခုလို ပြောပါတယ်။ “အဲဒီလူကြီးတွေ ပြောတဲ့စကားက အလုပ်ရုံပိုင်ရှင်ထဲကပဲ ဖြစ်ဖို့များတယ်၊ ကျနော်တို့ စိတ်ထင်တာက ငွေနဲ့ပိတ်လုပ်ထားလား မသိဘူး။ ဖြစ်တဲ့နေ့က လူကြီးတွေ အများကြီးပဲလာတယ်။ သူတို့ပြောတဲ့စကားတွေက အလုပ်သမားတွေ အတွက် မပါဘူး။ အလုပ်ရုံပိုင်ရှင်ဘက်ကပဲ များတယ်။” အလုပ်လုပ်တဲ့နေရာကို မူတည်ပြီး တချို့အလုပ်သမားတွေရဲ့ ခံစားခွင့်က ကွဲပြားပါတယ်။ သတ္တုစက်ရုံဖြစ်တဲ့အတွက် အလုပ်လုပ်ရာမှာ ပူပြင်းသလို တခါတရံ ပေါက်ကွဲတာတွေဖြစ်ရင် လူအသေအပျောက် ရှိပါတယ်။ တခါတလေ အပူလောင်တာတွေ ရှိပေမယ့် တစုံတရာ အကျိုးခံစားခွင့် မရှိဘူးလို့လည်း ပြောပါတယ်။ ဆန္ဒပြတောင်းဆိုတာတွေကို လိုက်လျောပေးခြင်း မရှိသလို အလုပ် မလုပ်လိုတဲ့ အလုပ်သမားတွေကိုလည်း ထွက်ခွာသွားဖို့ ပြောဆိုပါတယ်။ တချို့အလုပ်သမားတွေကိုတော့ အလုပ်ဆင်းခွင့် မပြုတော့ဘူးလို့ ပြောပါတယ်။ အရင်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီ စားသောက်ကုန် ထုတ်တဲ့ စက်ရုံမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ ဆန္ဒပြခဲ့ပါသေးတယ်။
REF : DVB
0 comments:
Post a Comment